CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇

စစ်ကိုင်းဒေသကြီးအထက်ပိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အထိအခိုက်နည်းရန် လုပ်ဆောင် ဖို့ လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စိုင်းကြည်ဇင်စိုးက CNI သတင်းဌာနသို့ ပြောသည်။

ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့မှ သိမ်းယူလိုက်ပြီး နောက် မြို့ခံများ ဆက်နေ ရန် မဖြစ်နိုင်ကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့်လည်း ပြန်လည်ထိုးစစ်ဆင်မှုများ လုပ်ဆောင်လာမှာဖြစ် ကြောင်း ၎င်းက ပြောသည်။

ကောလင်းမြို့ကို KIA၊ ABSDF၊ AA၊ PDF စသည့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စိုင်းကြည်ဇင်စိုးက “အဓိက ဒီလိုမျိုး သိမ်းလိုက်ပြီဆိုရင် သိမ်းလိုက်ပေမဲ့ သိမ်းထားတဲ့နေရာမှာ လူတွေက ဆက် နေဖို့တော့ ခက်နေတယ်ဆိုတာ ယေဘုယျအားဖြင့် ကျနော်တို့ နားလည်ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက် က စစ်ကောင်စီက ဒီလိုမျိုး သိမ်းလိုက်ပြီ စခန်းတွေ ပါသွားပြီဆိုရင် တန်ပြန်ထိုးစစ်လုပ်တဲ့အချိန်မှာ များသော အားဖြင့် လေကြောင်းထိုးစစ်ကို သူတို့အဓိက အားပြုပြီးတော့ လုပ်တယ်ဆိုတာ သိရတယ်၊ လေကြောင်းထိုးစစ် လုပ်လာတယ်ဆိုရင် ကျနော်တို့ ပြည်သူလူထုတွေ သူတို့ သိမ်းထားတဲ့နေရာမှာ ဆက်နေမယ်ဆိုရင် အန္တရာယ်ပို ကြီးတယ်၊ အဲဒီအတွက်ကြောင့်မို့လို့ ရှောင်ကြရတယ်၊ ရှားကြရတယ်ဆိုတဲ့ဟာမျိုးတော့ လုပ်ရတာပေါ့နော်၊ အဲဒီ တော့ ဒီလိုမျိုး ရှောင်ရတယ်၊ ရှားရတယ်ဆိုတဲ့ဟာမှာ အဲဒီလို ရှောင်ကြ၊ ရှားကြပြီဆိုရင် ကျနော်တို့ တခြားလိုအပ် ချက်တွေ ရှိလာတယ်၊ သူတို့ရဲ့ အသက်ရှင် ရပ်တည်ဖို့အတွက်‌ရော တခြားအန္တရာယ် ကာကွယ်ပေးနိုင်ဖို့အတွက် လိုအပ်ချက်တွေရှိတယ်၊ အဲဒါတွေ အကုန်လုံးက ဖြည့်စီးဖို့လိုတယ်ပေါ့နော်၊ အချိန်အတိုင်းအတာအရ တချို့ မကူညီနိုင်တာ၊ မထောက်ပံ့နိုင်တဲ့ အတွက်ကြောင့်မို့လို့ အသက်မဆုံးရှုံးသင့်ဘဲနဲ့ ဆုံးရှုံးသွားတဲ့သူတွေလည်း ရှိတယ်ပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကောလင်းမြို့ထဲမှာ PDF များ ဆိုင်ကယ်နဲ့ လည်ပတ်နေစဉ်

ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခြင်းထက် ရေရှည်ထိန်းသိမ်းရန်မှာ အဓိက ကျမှာဖြစ်ကြောင်း၊ ထို့အတူ တိုက်ပွဲ ရှောင်များကို ရန်သူ၊ မိတ်ဆွေ မခွဲခြားဘဲ ကူညီရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များ က ကောလင်းမြို့ကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ် ပြန်ထားသည်။

မြန်မာ့တပ်မတော်အနေဖြင့် ကောလင်းမြို့အား အချိန်မရွေး ပြန်သိမ်းယူ၍ ရသောကြောင့် ဦးစားပေး တိုက်ခိုက် မှာ မဟုတ်ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ကောလင်းမြို့တွင်း တစ်နေရာကိုတွေ့ရစဉ်

၎င်းက “အဲဒါကတော့ သူက အမှန်တိုင်းပြောရရင် ပြန်တိုက်မှာပေါ့၊ ပြန်တိုက်မယ်ဆိုတာတော့ ဦးစားပေး တိုက်ချင်မှ တိုက်မှာပေါ့ဗျာ၊ ဘာလို့ဆို ဒီအစားကို သူက ဒါက ဘယ်ချိန်ဆို သိမ်းလို့ရတယ်လေ၊ အဲဒီက ရထား လမ်းကလည်း အခုအချိန်မှာ အသုံးမပြုဘူး ဖြစ်နေတဲ့အခါကြတော့ အဓိက မကျပါဘူး။ သူက ဦးစားပေး လုပ်ချင် မှ လုပ်မှာလေ၊ အထူးသဖြင့်တော့ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းကြီးကိုပဲ သူအဓိကထားပြီး ဖွင့်အောင် လုပ်မှာပဲ၊ အဲဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။

ကောလင်းမြို့အတွင်း နှစ်ဖက်တိုက်ပွဲကြောင့် မြို့ခံလူထု ၅၀၀၀၀(ငါးသောင်း)ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေး သိမ်းရှောင်နေကြရကြောင်း၊ အရပ်သား သေဆုံးမှုမှာလည်း ၁၀ ဦးခန့်ရှိကြောင်း ကောလင်းမြို့တော်လှန်ရေး အင်အားစုများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ အဆိုပါ တိုက်ပွဲရှောင်များမှာ စားသုံးဆီ၊ စက်သုံးဆီ၊ ဆေးဝါး၊ စောင်၊ အမိုးအကာနှင့် အခြေခံ စားသောက် ကုန်များ လိုအပ်လျက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။