CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၀

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) သာ ပြန်လည် ရွေးကောက်ခံခဲ့ရမည်ဆိုပါက ယူကရိန်းအတွက် အကူအညီများကို ရပ်ဆိုင်းမည်ကို ဥရောပနိုင်ငံအချို့မှ သံတမန်များက စိုးရိမ်နေကြကြောင်း တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။

ထို့ပြင် ထရမ့်သည် နေတိုး မဟာမိတ်အဖွဲ့အပေါ်ထားရှိသည့် အမေရိကန်၏ ကတိကဝတ်များကိုလည်း စွန့်လွှတ်ဖွယ်ရှိမည့် အခြေအနေအတွက် ဥရောပသံတမန်များက စိုးရိမ်နေသည်ဟုလည်း ရိုက်တာမှ ဖော်ပြခဲ့သည်။

လက်ရှိ တာဝန်ထမ်းဆောင်နေသည့် သံတမန်များ၊ လက်ထောက်များနှင့် အငြိမ်းစားယူသွားသည့် သံတမန် ဟောင်း ၂၀ နီးပါး၏ အဆိုအရ ထရမ့်သည် ရွေးကောက်ပွဲ နိုင်ခဲ့မည်ဆိုပါက ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် စီအိုင်အေတို့တွင် ၎င်းအား သစ္စာခံသည့် သူများကိုသာ အဓိကရာထူးနေရာများ ပေးနိုင်ခြေ ရှိသည်ဟု သိရသည်။

ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ထရမ့်သည် ယူကရိန်းစစ်ပွဲမှအစ တရုတ်နှင့် ဆက်ဆံရေးအဆုံး အကြောင်းအရာ အများအပြားတွင် အမေရိကန်၏ ရည်တည်ချက်ကို အပြောင်းအလဲများ ပြုလုပ်နိုင်လိမ့်မည်ဟု ဆိုသည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ နေတိုးအဖွဲ့ကိုတွေ့ရစဉ်

ရိုက်တာသတင်းဌာနနှင့် အင်တာဗျူး ပြုလုပ်ခဲ့သည့် ဥရောပသံတမန် ၈ ဦးက ထရမ့်သည် နေတိုးမဟာမိတ်များ အပေါ် ထားရှိသည့် အမေရိကန်၏ ကတိကဝတ်များကို ဆက်လက် ထိန်းသိမ်းထားရန် ရှိ/မရှိ သံသယရှိကြောင်း၊ ရုရှားနှင့်စစ်ပွဲ ဖြစ်ပွားနေသည့် ယူကရိန်းအား အကူအညီ အထောက်အပံ့များ ဖြတ်တောက်လိုက်မည့် အခြေအနေ အပေါ် စိုးရိမ်ရကြောင်း ဖြေကြားခဲ့သည်။

မြောက်ဥရောပနိုင်ငံ တစ်နိုင်ငံမှ သံတမန်တစ်ဦးကလည်း သူနှင့် သူ့လုပ်ဖော်ကိုင်ဖက်များသည် မကြာသေးမီ နှစ်များအတွင်း ထရမ့်၏ လက်ထောက်များနှင့် အဆက်အသွယ် ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထရမ့်၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဟောင်း ရောဘတ် အို ဘရီယန်ကလည်း ထရမ့်သည် ပုဂ္ဂိုလ်ရေး အရ မူဝါဒကို ချမှတ်သည့် အခြေအနေကို နားလည်ထားကြောင်း၊ ထရမ့်၏ အစိုးရအဖွဲ့ထဲတွင် ပါဝင်သူများသည် သမ္မတ၏ မူဝါဒထက် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအရ ကိုယ်ပိုင်မူဝါဒများကို ချမှတ်ရန် စိတ်အားထက်သန်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။ 

ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်

ထရမ့်သည် ဥရောပအတွက် ကာကွယ်ရေး အထောက်အပံ့များကို လျှော့ချဖြတ်တောက်ရန် စိတ်ဝင်စားနေပြီး တရုတ်နှင့် စီးပွားရေး ဆက်ဆံရေးများကို ထပ်မံလျော့နည်းစေရန် စိတ်အားထက်သန်နေသည်ဟု ထရမ့်၏ လက်ထောက်များက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၌ သမ္မတရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး သမ္မတဂျိုးဘိုင်ဒန် (Joe Biden) က ၎င်း၏ ဒုတိယသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယခုနှစ် ဧပြီလက ကြေညာခဲ့ သည်။

သမ္မတဟောင်း ထရမ့်ကလည်း သမ္မတရွေးကောက်ပွဲ ဝင်ရောက်ရန် စီစဉ်ထားကြောင်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ကတည်းက ကြေညာခဲ့သည်။

Source: တာ့စ်