CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၂၇

ထိုင်းနိုင်ငံတွင် တရားရုံးချုပ်၏ နိုင်ငံရေးရုံး တာဝန်ထမ်းဆောင်သူများအတွက် ပြစ်မှုဆိုင်ရာဌာနက ဝန်ကြီးချုပ် ဟောင်း ယင်လတ် ရှင်နာဝပ် (Yingluck Shinawatra)၏ အာဏာအလွဲသုံးမှု စွပ်စွဲချက်ကို ပယ်ချလိုက်ကြောင်း ဒီဇင်ဘာ ၂၆ ရက်က စီရင်ချက်ချမှတ်ခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။ 

ထို့ပြင် တရားရုံးချုပ်က ယင်လတ်အား ဖမ်းဝရမ်းထုတ်ထားသည့် အမိန့်ကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့သည်။ 

ယင်လတ်သည် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလက အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် သာဝီလ် ပလီယန်ဆရီ (Thawil Pliensri) ကို ဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်လွှဲပြောင်းပေးမှုတွင် အာဏာ အလွဲသုံးမှု စွဲချက်များနှင့် စွပ်စွဲခံခဲ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ချက်ချမှတ်မှုသည် ပြစ်မှုဆိုင်ရာ တာဝန်ရှိမှုနှင့် ဥပဒေကြောင်းအရာ သက်ဆိုင်မှု မရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် ဝန်ကြီးတစ်ဦး၏ အရည်အချင်း ပြည့်မီမှု ရှိ/မရှိ အကြောင်းအရာများနှင့် ဝန်ကြီးဌာနအဆင့် ရာထူးများ ပယ်ဖျက်မှုနှင့်သာ သက်ဆိုင် ကြောင်း တရားရုံးချုပ်က ထုတ်ပြန်ခဲ့သည်။

ထိုင်းတရားရုံးချုပ်ကို တွေ့ရစဉ်

ထိုအမှုနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးချုပ်၏ စီရင်ချက်အရ သာဝီလ်၏ ရာထူးလွှဲပြောင်းမှုသည် တရားဝင်မှုရှိသည်ဟု ယူဆရကြောင်း၊ ပြစ်မှုဆိုင်ရာ တာဝန်ရှိမှုနှင့် ဥပဒေကြောင်းအရ သက်ဆိုင်မှုမရှိကြောင်း တရားရုံးချုပ်က သတ်မှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

ယင်လတ်ကလည်း ထိုအမှုနှင့်ပတ်သက်ပြီး စွပ်စွဲချက်များအားလုံးကို ငြင်းဆိုထားပြီး သူသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က ပြည်သူများအတွက် ထမ်းဆောင်စရာရှိသည့် တာဝန်နှင့် ဝတ္တရားများကို ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။ 

၂၀၂၀ ပြည့်နှစ်က ထိုင်း၏ အမျိုးသားအကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်က ယင်လတ်သည် ၎င်း၏ တာဝန်နှင့် ဝတ္တရားများကို အလွဲသုံးစားပြုလုပ်ခဲ့ပြီး ၎င်း၏အမှုတွင် အစိုးရရှေ့နေချုပ်၏ အထောက်အကူရရှိရန် ကြိုးပမ်းခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ 

သို့သော် ယခုတွင် တရားရုံးချုပ်က ယင်လတ်အပေါ် စွဲဆိုထားသည့် အာဏာအလွဲသုံးမှုစွဲချက်ကို ပယ်ချခဲ့ပြီး ယင်လတ်အား ဖမ်းဝရမ်းထုတ်ထားသည့် အမိန့်ကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။

Source: Thai PBS World