CNI International News

ဘေရွတ်၊ ဇန်နဝါရီ ၈

မကြာသေးမီ သီတင်းပတ်များအတွင်း အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာ (Hezbollah) လက်နက် ကိုင်အဖွဲ့အကြား အပြင်းထန်ဆုံး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

လက်ဘနွန်နိုင်ငံ၏ ဘေရွတ်မြို့တော်တွင် အစ္စရေး၏ လက်ချက်ဟု ယူဆရသည့် တိုက်ခိုက်မှုတစ်ခုကြောင့် ဟားမာ့စ်အဖွဲ့ ထိပ်သီးခေါင်းဆောင်တစ်ဦး သေဆုံးခဲ့ပြီး တစ်ရက်အကြာတွင် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့ အကြား အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ဟစ်ဇ်ဘိုလာခေါင်းဆောင် ဆေးယက် ဟက်ဆန် နာစရာလာ (Sayyed Hassan Nasrallah) ကမူ ၎င်းတို့အဖွဲ့ အနေနှင့် ဟားမာ့စ်အဖွဲ့၏ ဒုတိယနိုင်ငံရေးခေါင်းဆောင် ဆာလာ အာရူရီ (Saleh Arouri) သတ်ဖြတ်ခံရမှုကို လက်တုန့်ပြန်ခြင်းမရှိပါက လက်ဘနွန်တစ်နိုင်ငံလုံးသည် အစ္စရေး၏ တိုက်ခိုက်မှုများကို ခံရလိမ့်မည်ဟု ပြောကြားခဲ့သည်။

ထို့ကဲ့သို့ တင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်သည် အရှေ့အလယ်ပိုင်းခရီးစဉ်ကို စတင်ခဲ့ပြီး ထိုခရီးစဉ်သည် အစ္စရေး-ဟားမာ့စ် စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ၎င်း၏ စတုတ္ထမြောက် အရှေ့အလယ်ပိုင်းခရီးစဉ်ဖြစ်သည်။ 

"လက်ဘနွန်ကို ဒေသတွင်း ပဋိပက္ခထဲ ဆွဲသွင်းဖို့ လုံးဝမလိုအပ်ပါဘူး" ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒ ဂျိုးဆက် ဘော်ရဲလ် (Josep Borrell) က ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာက ၎င်းတို့သည် မီရွန်တောင် (Mount Meron) ပေါ်ရှိ အစ္စရေးလေတပ် စောင့်ကြည့်ရေး အခြေစိုက် စခန်းသို့ ဒုံးကျည် ၆၂ စင်း ပစ်လွှတ်ခဲ့သည်။

ထိုဒုံးကျည် တိုက်ခိုက်မှုသည် အာရူရီ သတ်ဖြတ်ခံရမှုအတွက် တိုက်ရိုက်တုန့်ပြန်ခြင်း ဖြစ်သည်ဟုဆိုသည်။ 

နေအိမ်အဆောက်အအုံများ တိုက်ခိုက်ခံရစဉ်

ဒုံးကျည်များသည် နယ်စပ်အနီးရှိ စစ်စခန်းနှစ်ခုကို ထိမှန်ခဲ့သည်ဟုလည်း ဆိုသည်။ 

စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဟာဂါရီ (Daniel Hagari) က အစ္စရေးတွင် ဒုံးကျည်များကြောင့် သေဆုံးမှု ဖြစ်စဉ်မရှိကြောင်း ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် ဒုံးကျည်များဖြင့် ပစ်ခတ်နေသော ဟစ်ဇ်ဘိုလာ ဒုံးတိုက်ခိုက်ရေးစခန်းကို ပြန်လည် ပစ်ခတ်ခဲ့ခဲ့သည်ဟု ဟာဂါရီက ပြောသည်။

ဇန်နဝါရီ ၆ ရက်က အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ၎င်းတို့၏ တိုက်ခိုက်ရေးသမား ခြောက်ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားပြီး အစ္စရေး၏ တိုက်ခိုက်မှုကြောင့် စုစုပေါင်း ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၁၅၀ ခန့် သေဆုံးခဲ့ ပြီးဖြစ်သည်။                                                                                                                                                                                                                                                                
                                                      
လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နယ်စပ်မှ ၂၅ မိုင်အကွာရှိ ခိုသာရီရာအယ်ဆီရတ်(Kouthariyeh al-Siyad) ကျေးရွာ၏ အပြင်ဘက်ကို ထိမှန်ခဲ့ကာ အသေအပျောက်များ ရှိကြောင်း လက်ဘနွန်နိုင်ငံပိုင် သတင်းတွင် ဖော်ပြထားသည်။

Source: အေပီ