CNI International News

တယ်လ်အဗစ်၊ ဖေဖော်ဝါရီ ၂၇

ဂါဇာကမ်းမြောင်ဒေသတွင် ဟားမာ့စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲ ခဲ့မည်ဆိုသည့်တိုင် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်မှုများ အရှိန်မြှင့်တင်သွားမည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့် (Yoav Gallant) က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

အစ္စရေး-ဟားမာ့စ်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက အစ္စရေးကို တောက်လျှောက် တိုက်ခိုက်လာခဲ့သည့် ဟစ်ဇ်ဘိုလာအဖွဲ့ကမူ အစ္စရေးနှင့်ဟားမာ့စ်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့မည်ဆိုလျှင် ၎င်းတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ပြောကြားထားသည်။

သို့သော် အစ္စရေးကာကွယ်ရေးဝန်ကြီးကမူ အစ္စရေးနှင့် ဟားမာ့စ်အကြား ယာယီ အပစ်အခတ်ရပ်စဲမှုသည် အစ္စရေး၏ မြောက်ပိုင်း လက်ဘနွန် စစ်မြေပြင်ကိုပါ အကျုံးဝင် သက်ရောက်လိမ့်မည်ဟု ယူဆထားပါက မှားယွင်း လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးအလံကိုတွေ့ရစဉ်

“ကျနော်တို့ဘက်က ဆက်ပြီး တိုက်ခိုက်သွားမှာပါ။ ကျနော်တို့ရဲ့ ရည်မှန်းချက် မပြည့်မချင်း အစ္စရေးတောင်ပိုင်း စစ်မြေပြင်ထက် ကျော်လွန်တဲ့ အခြားစစ်မြေပြင်တွေမှာပါ ဆက်လက် တိုက်ခိုက်သွားမှာပါ” ဟု ဂဲလန့်က ပြော သည်။

ထို့ပြင် သံတမန်ရေးအရ သော်လည်းကောင်း၊ စစ်ရေးအရ သော်လည်းကောင်း အစ္စရေး၏ နယ်စပ်အနီးမှ ဟစ်ဇ်ဘိုလာအဖွဲ့ကို တိုက်ထုတ်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးနိုင်ငံတောင်ပိုင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာတွင် စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးချိန်ကတည်းက ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးကို နေ့စဉ်နီးပါး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဟစ်ဇ်ဘိုလာကို တွေ့ရစဉ်

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ အဖွဲ့အကြား အပြန်အလှန် တိုက်ခိုက်မှုများကြောင့် အစ္စရေး-လက်ဘနွန် နယ်စပ် ဒေသများတွင် နေထိုင်သည့် သောင်းနှင့်ချီသည့် ဒေသခံများသည် အိမ်ပစ်ရာပစ် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ဟစ်ဇ်ဘိုလာ အဖွဲ့ခေါင်းဆောင် ဟက်ဆန် နာစရာလာ (Hassan Nasrallah) ကမူ ဂါဇာတွင် အစ္စရေးနှင့် ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲမည်ဆိုပါက ၎င်းတို့အဖွဲ့ကလည်း အစ္စရေးအား တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။

သို့သော် အစ္စရေးအနေဖြင့် ဟားမာ့စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲပြီးနောက် လက်ဘနွန်တွင် တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်မည်ဆိုပါက ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း ဆက်လက် တိုက်ခိုက်သွားမည်ဟု ၎င်းက သတိပေးခဲ့သည်။

Source: အေပီ