CNI International News

ကိယက်ဗ်၊ ဧပြီ ၉

ရုရှားတိုက်ခိုက်မှုများကို ဟန့်တားနိုင်ရန်အတွက် မိမိတို့၏ S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ယူကရိန်းထံသို့ ပေးအပ်ခဲ့ကြောင်း စလိုဗက်ကီးယားဝန်ကြီးချုပ် အီဒွက်ဟေဂါ (Eduard Heger) က ပြောကြား ခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။

ဆိုဗီယက်ခေတ်က ထုတ်လုပ်ခဲ့သည့် လေယာဉ်ဘက်ထရီစနစ်များ လှူဒါန်းမှုသည် ဥရောပသမဂ္ဂနှင့် နေတိုး အဖွဲ့ဝင်အနေဖြင့် ရုရှား၏ပဋိပက္ခထဲတွင် ပါဝင်ပတ်သက်သည့် သဘောမဟုတ်ကြောင်း အီဒွတ်ဟေဂါက ဧပြီလ ၈ ရက်၌ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ပို့စ်တင်၍ အသိပေးပြောကြားခဲ့သည်။ ရုရှားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်မှစတင်၍ အိမ်နီးချင်း ယူကရိန်းသို့ ကျူးကျော်တိုက်ခိုက်လျက်ရှိသည်။

“ယူကရိန်းအကူအညီတောင်းခံတဲ့အတွက် စလိုဗက်သမ္မတနိုင်ငံကနေ S-300 လေကြောင်းရန် ကာကွယ်ရေးစနစ် ကို ပေးအပ်ခဲ့တဲ့အကြောင်း ကျနော် အတည်ပြုပါတယ်။ ဒါပေမယ့် အခုပေးအပ်တာကြောင့် ယူကရိန်းနဲ့ ရုရှား စစ်ရေးပဋိပက္ခမှာ စလိုဗက်သမ္မတနိုင်ငံက အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပတ်သက်တဲ့သဘော မဟုတ်ပါဘူး” ဟု ဟေဂါက ဆက်လက်ပြောကြားခဲ့သည်။

ယူကရိန်းသည် ရုရှားစစ်တပ်၏ထိုးစစ်ကို ခုခံချေမှုန်းရာတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်အပါအဝင် အခြား စစ်ရေးအကူအညီများ ပေးအပ်ကြရန် အနောက်အုပ်စုနိုင်ငံများထံသို့ တောင်းခံထားသည်။

ရုရှား၏ကျူးကျော်စစ်ကို တုံ့ပြန်သည့်အနေဖြင့် ဘရပ်ဆဲလ်မြို့၊ နေတိုးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် လက်နက်များ တိုးမြှင့်ပေးအပ်ကြရန် သဘောတူခဲ့ကြပြီးနောက် အမေရိကန်က ယူကရိန်းသို့ လက်နက်အသစ် စနစ်များကို ပေးပို့သွားရန်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဗာက “ဗျူရိုကရေစီမောင်းနှင်ပုံ နှောင့်နှေးနေခြင်း အဆုံးသတ်ရန်” တောင်းဆိုခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က “ယူကရိန်းသို့ အမေရိကန်နှင့် အခြားနိုင်ငံပေါင်း ၃၀ တို့က လက်နက်များ ပေးပို့နေခြင်းအား အရှိန်မြှင့်လုပ်ဆောင်သွားမည်” ဟု ကတိပြုခဲ့သည်။

အမေရိကန်သည် ကိယက်ဗ်မြို့တော်သို့ လေယာဉ်ပစ်စနစ်များ၊ တင့်ကားများနှင့် သံချပ်ကားများ ထပ်မံ စေလွှတ် ပေးရန် သဘောတူပြီးဖြစ်ကြောင်း ဘလင်ကင်က ထပ်လောင်းပြောကြားခဲ့သည်။

Source: Aljazeera