CNI International News

ဝါရှင်တန်၊ မေလ ၁၃

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) က ရီပတ်ဘလစ်ကန် ကိုယ်စားပြု ကိုယ်စားလှယ် လောင်း နေရာအတွက် ပြိုင်ဘက်ဖြစ်ခဲ့ဖူးသည့် နစ်ကီ ဟာလေး (Nikki Haley) ကို နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ တွဲဖက်ကိုယ်စားလှယ်လောင်းအဖြစ် စဉ်းစားမထားကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

“နစ်ကီဟာလေးကို ဒုတိယသမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ထည့်သွင်းစဉ်းစားတဲ့ အထဲမှာ မပါပါဘူး။ ဒါပေမယ့် သူ့အတွက် ကျနော် ဆုမွန်ကောင်း တောင်းပေးပါတယ်”ဟု ထရမ့်က ၎င်း၏ ကိုယ်ပိုင် လူမှုမီဒီယာ ဖြစ်သည့် Truth Social တွင် ပြောကြားခဲ့သည်။

ဟာလေးသည် ရွေးကောက်ပွဲတွင် အနိုင်ရစေရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ထရမ့်က ယူဆခဲ့မည်ဆိုပါ က ထရမ့်သည် ဟာလေးကို ဒုတိယသမ္မတ နေရာအတွက် တွဲဖက်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ် လိမ့်မည်ဟု Axios သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပြီးနောက် ထရမ့်က ထိုသတင်းကို ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

တောင်ကာရိုလိုင်းနား (South Carolina)ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းဖြစ်သည့် ဟာလေးသည် မတ်လက ရီပတ်ဘလစ်ကန် ကိုယ်စားပြုသည့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း နေရာအတွက် ထရမ့်နှင့် ယှဉ်ပြိုင်ခဲ့သော်လည်း အရေးနိမ့်ခဲ့သူဖြစ်သည်။

နီကီဟာလေးကိုတွေ့ရစဉ်

ထရမ့်၏ ယခုပြောကြားချက်နှင့်ပတ်သက်ပြီး ဟာလေးက မှတ်ချက်မပေးခဲ့သော်လည်း သူသည် ထရမ့်ကို ပါတီ ကိုယ်စားပြုသည့် ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံပေးခဲ့ခြင်းမရှိကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။

ထရမ့်နှင့်အတူ ဒုတိယသမ္မတ နေရာအတွက် လျာထားသည့် တွဲဖက်ကိုယ်စားလှယ်လောင်း စာရင်းတွင် မြောက် ဒါကိုတာ (North Dakota)ပြည်နယ် အုပ်ချုပ်ရေးမှူး ဒေါက် ဘာဂွန် (Doug Burgum) ၊ တောင်ဒါကိုတာ (South Dakota)ပြည်နယ် အုပ်ချုပ်ရေးမှူး ခရစ္စတီ နိုအမ် (Kristi Noem) ၊ အမေရိကန် အထက်လွှတ်တော် အမတ်များ ဖြစ်သည့် မာကို ရူဘီယို (Marco Rubio) ၊ တင်မ် စကောက် (Tim Scot) ၊ ဂျေဒီ ဗန့်စ် (J.D. Vance) နှင့် အောက်လွှတ်တော်အမတ် အလိစ် စတီဖန်းနစ် (Elise Stefanik) တို့ ပါဝင်လျက်ရှိသည်။

ဘာဂွန်နှင့် စကောက်တို့သည် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း နေရာအတွက် ထရမ့်နှင့် ယှဉ်ပြိုင်ခဲ့သော် လည်း အရေးနိမ့်ခဲ့ပြီး နိုအမ်သည် သူမ၏ အသက် ၁၄ လ အရွယ်သာရှိသေးသည့် ခွေးလေးကို အမိန့်မနာခံမှု ကြောင့် သေနတ်ဖြင့် ပစ်ခဲ့ဖူးသည့် အငြင်းပွားဖွယ် နောက်ခံသမိုင်းကြောင်း ရှိသူဖြစ်သည်။

ဘိုင်ဒန်ကိုတွေ့ရစဉ်

ထရမ့်သည် ၎င်း၏ တွဲဖက်ကိုယ်စားလှယ်လောင်းကို အလျင်စလို ရွေးချယ်မည် မဟုတ်ကြောင်း ၎င်း၏ အကြံပေး ပုဂ္ဂိုလ်များက ပြောကြားခဲ့သည်။

ထရမ့်သည့် ဇူလိုင်လတွင် ဝစ္စကွန်ဆင် (Wisconsin) ပြည်နယ် မီလ်ဝွတ်ကီ (Milwaukee) မြို့တွင် ပြုလုပ်မည့် ရီပတ်ဘလစ်ကန်ညီလာခံ မတိုင်မီအထိ တရားဝင် ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်ခံရမည် မဟုတ်ပေ။

ထို့နောက် နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲတွင် လက်ရှိ ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Source: ရိုက်တာ