CNI News

၂၀၂၄ ခုနှစ်၊ မေလ ၁၃

နာဂလူငယ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဖမ်းဆီးမှုမှာ အညွန့်ချိုးသလို ဖြစ်နေကြောင်း နာဂလူငယ်များက ပြောသည်။

KIA သည် နာဂလူငယ်များကို ရှင်ဗွေယန်နှင့် တနိုင်းလမ်းကြောင်းများတွင် ဖမ်းဆီးမှု လုပ်ဆောင်နေကြောင်း၊ ခရီးသွားလာမှု၌ အခက်အခဲဖြစ်နေကြောင်း နာဂလူငယ်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရှေ့တန်းမှာ သွားခိုင်းတယ်ဆိုတာတော့ မျက်နှာကို ကြည့်လိုက်ရင်တော့ နာဂ မျက်နှာပေါက်ပဲ၊ နာမည် ကြည့်လိုက်‌တော့ ကချင်နာမည်၊ တနိုင်း၊ ရှင်ဗွေယန်က နာဂလူငယ် တော်တော်များများ ရှိတာကိုး၊ နန်းယွန်း၊ ပန်ဆောင်၊ ဒုံဟီးက များနေတာကိုး အဲဒီဟာတွေက ဘယ်ရောက်သွားပြီလဲပေါ့၊ ကျနော်တို့ မမြင်ရတဲ့ဟာ အများ ကြီး ရှိတယ်၊ အဲဒီအခါကြတော့ အခုထိ မလုံလောက်နိုင်ဘူး။ နာဂလူငယ်တွေကို အညွ့န်ချိုးသလို ဖမ်းဆီးနေတုန်း ပဲဆိုတာ ဘာကြောင့်မို့ ဒီလောက်အထိ လုပ်နေသလဲဆိုတာ ကျနော်တို့က ဘယ်လောက်အထိ ခက်ခဲနေသလဲ ကချင်ပြည်နယ်မှာ မြစ်ကြီးနားမှာ ကျောင်းသွားကျောင်းလာချင်တယ်၊ ဒီလမ်းမကြီးပဲ သွားလာတဲ့အခါကြတော့ အခုကြတော့ မသွားရဲ မလာရဲ အဲဒီလိုမျိုးတွေ ဖြစ်ကုန်တဲ့အခါကြတော့ အလုပ်အကိုင်က အစစအရာရာ ကျပ်တည်းကုန်တာပေါ့” ဟု ပြောသည်။

KIA တပ်ဖွဲ့ကို တွေ့ရစဉ်

ပြီးခဲ့သည့် ဧပြီဒုတိယပတ်က ရှင်ဗွေယန်မြို့နယ်တွင်းရှိ ကျေးရွာအချို့မှာ KIA သည် တစ်အိမ်တက်ဆင်း လူငယ်များကို ဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီးနောက် လူငယ်အများအပြား ထွက်ပြေးတိမ်းရှောင်ကြရသည်။

နာဂလူငယ်များကို KIA ဖမ်းဆီးနေသည်ဟု ပြောဆိုမှုနှင့် ပတ်သက်၍ မိမိအနေဖြင့် မကြားမိကြောင်း၊ ၎င်းကိစ္စ အပေါ် မှတ်ချက်မပေးလိုကြောင်း KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါနဲ့ ပတ်သက်လို့ ကြားတောင်မကြားဘူး။ ကျနော်တော့ အဲဒါလည်း ရှေ့တန်းမှာ ဖြစ်တဲ့ ဖြစ်စဉ်တွေ ဖြစ်မှာပါ၊ ဒါတော့ ကျနော်တို့ မကြားတာ နေမှာပါ၊ မဟုတ်ဘူးလို့ ကျနော်ပြောတာတော့ မဟုတ်ဘူး။ ကျနော်တို့ မကြားလို့ပါ၊ ဘာမှ မှတ်ချက်ပေးစရာ မရှိဘူး” ဟု ပြောသည်။

KIA အနေဖြင့် လူ ၃၀၀၀ ဖမ်းဆီးမည်ဟု သတင်းထွက်ပေါ်နေကြောင်း၊ ၎င်းဖမ်းဆီးမှုတွင် နာဂလူများကို ဖမ်းဆီးခြင်းလား သို့မဟုတ် ကချင်နှင့် အခြားသော လူမျိုးစုများပါ ဖမ်းဆီးခြင်းလားဆိုသည်မှာ မသိရှိကြောင်း နာဂလူငယ်တစ်ဦးက ပြောသည်။

KIA မှာ စစ်သင်တန်းတက်နေတဲ့ လူငယ်တွေကိုတွေ့ရစဉ်

၎င်းက “သူတို့က တစ်ချိန်ချိန်ကြရင် နာဂလူငယ်တွေကို စုဆောင်းပြီးတော့ နာဂဒေသကို လွမ်းမိုးခိုင်းဖို့ သက်သက်လား၊ နန်းယွန်း၊ ပန်ဆောင်ကို သူတို့က မတရားအုပ်ဖို့လား၊ အသုံးချဖို့လား၊ ဒါမှ မဟုတ်၊ ကချင် ပြည်နယ်မှာရှိတဲ့ နာဂဒေသမှာရှိတဲ့ တစ်ချိန်တုန်းကလည်း NSCN-K နဲ့ နယ်မြေဒေသ ခွဲခြားမှု အတိအကျ မရှိတဲ့အခါကြတော့ ကချင်ပြည်နယ်မှာကလည်း နာဂဒေသလို့ ပြောတယ်၊ နာဂဒေသလည်း ကချင်ပြည်နယ် လို့လည်း ပြောတယ်၊ သူတို့က ရှင်းရှင်းလင်းလင်း မရှိဘူး။ ဘာကို ဆိုလိုသလဲ ဘာကို လုပ်နေသလဲ နာဂပြည်သူ လူထုကတော့ ကိုယ့်ဒေသကတော့ ကိုယ့်ဒေသပဲ အရှင်းအလင်း မရှိခဲ့တာ၊ ဒါပေမဲ့လည်း သူတို့က ဒီဟာကို ဖမ်းဆီးနေတဲ့ဟာက ဘယ်ကို အသုံးချဖို့လဲ၊ ကချင်ပြည်နယ်မှာက အသုံးချဖို့လား၊ ဘာကို ခေါင်းစဉ် သတ်မှတ် တာလဲ၊ ဘာကြောင့်ဆိုတာလည်း သူတို့ဖက်က ချပြတာ မရှိဘူး။ သတင်းရယူဖို့ဆို ဝေလာဝေးပေါ့၊ နာဂဒေသမှာ ဘာသတင်းထောက်လည်း မရှိဘူး။ ဘာအဆက်အသွယ်မှ မရှိဘူး။ အဲဒါကြောင့် လျှောက်လုပ်နေသလားပေါ့” ဟု ပြောသည်။

၂၀၂၃ ခုနှစ်အတွင်း နာဂလူငယ်များ ဖမ်းဆီးခံရမှု ၅၀၀ နှင့် ၇၀၀ အကြားရှိနေကြောင်း အချို့မှာ ပြန်လည် လွတ်မြောက်မှုရှိကာ ရှင်ဗွေယန်၊ နန်းယွန်း၊ ပန်ဆောင်၊ လဟယ်၊ ဒုံဟီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသတွင် KIA မှ ဖမ်းဆီးမှု လုပ်ဆောင်နေကြောင်း သိရသည်။