CNI News

၂၀၂၄ ခုနှစ်၊ မေလ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း စက်သုံးဆီ သယ်ယူရောင်းချသူများကို အမျိုးသားညီညွတ် ရေးအစိုးရ(NUG) စိုးမိုးထားသည့် နယ်မြေများမှာဘဲ သယ်ယူရောင်းချခွင့်ပြုမည်ဟု ဟုမ္မလင်းမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျွန်းလှမြို့နယ်၊ အခြားမြို့နယ်များမှ သယ်ဆောင်လာသော စက်သုံးဆီ များကို ဟုမ္မလင်းမြို့နယ်အတွင်း NUG စိုးမိုးထားသော နယ်မြေများတွင်သာ သယ်ယူရောင်းချခွင့်ပြုပါမည်ဟု ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဟုမ္မလင်းမြို့နယ် NUG စိုးမိုးထားသော နယ်မြေပြင်ပသို့ စက်သုံးဆီများကို သယ်ယူရောင်းချခွင့် လုံးဝ(လုံးဝ)ခွင့်မပြုကြောင်း၊ သယ်ယူရောင်းချခွင့်ရှိသော ဂိတ်ဆုံးနယ်မြေများမှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆိုလျှင် ရွှေပြည်အေးမြို့အထိ ကုန်းလမ်းကြောင်းဆိုပါက အောင်ပင်ကျေးရွာအထိသာ သယ်ယူရောင်းချခွင့်ပြု မည်ဟု ဖော်ပြထားသည်။

ကန့်သတ်ထားသော နယ်မြေပြင်ပသို့ သယ်ယူရောင်းဝယ်ဖောက်ကားပါက ပြင်းထန်စွာအရေးယူ ဆောင်ရွက် သွားမည်ဟု ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

 PDF ရဲ့ထုတ်ပြန်ချက်ကို တွေ့ရစဉ်

နိုင်ငံရေးသမားတစ်ဦးက “ ဟုမ္မလင်း PDF ရဲ့ ထုတ်ပြန်ချက်ကို လေ့လာကြည့်ရင် သူတို့ စစ်တပ်၊ SNA ကို ဖြတ်လေးဖြတ် လုပ်တဲ့ပုံပဲ။ ပြီးရင် ရွှေတူးတဲ့ လုပ်ငန်းတွေလည်း ထိခိုက်နိုင်တယ်၊ ဒေသခံတွေ အနေနဲ့လည်း သွားရေးလာရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ထိခိုက်သွားနိုင်တယ်”ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းမှာ KIA-PDF ပူးပေါင်းတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်၊ ရှမ်းနီ အမျိုးသားများတပ်မတော်(SNA)တို့ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

KIA-PDF သည် ဟုမ္မလင်းမြို့ကို သိမ်းပိုက်၍ ထိန်းချုပ်ရန် အကောင်အထည်ဖော်လျက်ရှိနေကြောင်း ဒေသခံ များက ပြောသည်။

ဟုမ္မလင်းမြို့ကို KIA-PDF က ထိန်းချုပ်နိုင်ခဲ့ပါက နာဂဒေသများကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်သလို တမူးခရိုင် အတွင်းမှာလည်း စစ်ရေး လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် KIA-PDF စစ်ရေး လှုပ်ရှားမှု အရှိန်မြှင့်တင်နိုင်ရန်အတွက် လိုအပ်သော လက်နက်ခဲယမ်းနှင့် လူအင်အားများကိုလည်း  ကချင်ပြည်နယ်အတွင်းကနေ အတားအဆီးမရှိ သယ်ယူဖြည့်ဆည်းနိုင်မည်ဟု ဟုမ္မလင်းမြို့နယ်နေ စစ်ရေး အကဲခတ်တစ်ဦးက ပြောသည်။