CNI News

၂၀၂၄ ခုနှစ်၊ မေလ ၁၆

ကယား(ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့က တိုက်ပွဲရှောင်အများစု လုံခြုံရေး အနေအထားအရ နေရပ်မပြန်နိုင် သေးကြောင်း လွိုင်ကော်တိုက်ပွဲရှောင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

တိုက်ပွဲရှောင် ၈၀ ရာခိုင်နှုန်း နေရပ်ပြန်ရန် မဖြစ်နိုင်တော့ကြောင်း၊ မိမိတို့ နေအိမ်၊ ဆိုင်ကယ်များမှာလည်း မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

လွိုင်ကော်တိုက်ပွဲရှောင်တစ်ဦး “ဝင်လို့က မဖြစ်နိုင်ဘူး။ ဒီလိုပုံစံ ခဏခဏ တိုက်ပွဲတွေ ဖြစ်နေတာကို၊ လွိုင်ကော် ဝင်ဖို့ကတော့ ကျနော့် အမြင်နဲ့က လုံးလုံး စိတ်မချရဘူး။ စိတ်မချရဘူးဆိုတော့ ကျနော်တို့လည်း ဝင်ဖို့ အဆင် မပြေဘူး။ မြို့လယ်က ရပ်ကွက်တွေမှာက ဘယ်သူမှ ပြန်လာကြတာ မတွေ့ဘူးလေ၊ တစ်ဖက်ဖက် အပြတ် အသတ် အနိုင်ရလို့ ပြန်ခွင့်ရှိရင်တောင် ဘယ်လိုပြန်မှာလဲ၊ မီးလောင်ပြင်ကြီး ဖြစ်နေပြီလေ၊ ဘယ်လိုပြန်လာရမလဲ အိမ်တွေမှ မရှိတော့တာလေ၊ အကုန်လုံး မီးရှို့ထားတာကြီးကို၊ မီးလောင်ပြင်လို ဖြစ်နေတော့၊ မြို့ရဲ့အစွန်အဖျား နေရာတော့ တချို့လည်း ပြန်ကြတယ်၊ တချို့လည်း ပြန်ပြီး ပြန်လာကြတယ်၊ တိုက်ပွဲတွေ ဖြစ်နေတော့” ဟု CNI သတင်းဌာနသို့ ပြောသည်။

KNDF တပ်ဖွဲ့ကိုတွေ့ရစဉ်

တိုက်ပွဲများငြိမ်ပြီး မိမိတို့ နေရပ်ပြန်မည်ဆိုပါကလည်း မိုင်းများ ရှင်းလင်းထားခြင်း မရှိကြောင်း၊ ထို့အတူ မိုင်းကြောင့် အရပ်သားထိခိုက်မှုကို မည်သူမျှ တာဝန်ယူမှာ မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့က ကရင်နီတပ်ပေါင်းစုက ၁၁၁၁ စစ်ဆင်ရေးကို စတင်ဆင်နွှဲခဲ့ပြီး လွိုင်ကော်မြို့တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့၍ မြို့ခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

ထိုစစ်ဆင်ရေးတွင် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF)၊ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ် (Loikaw-PDF)၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ ဖယ်ခုံ PDF တပ်ရင်း (၁၀၀၆)၊ မြို့ပြပြောက်ကျားတပ် (URF) နှင့် ရှမ်းတောင် PDF တို့ ပါဝင်ကြောင်း သိရသည်။

လွိုင်ကော်မြို့တိုက်ပွဲကြောင့် ဘေးလွှတ်ရာ တိမ်းရှောင်ခဲ့သည်မှာ ၆ လဝန်းကျင်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ နေရပ်ပြန်၍ မရသေးကြောင်း လွိုင်ကော်မြို့ခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

တိုက်ပွဲရှောင်များကို တွေ့ရစဉ်

၎င်းက “ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့က လွိုင်ကော်မြို့မှာ မရှိဘူးဗျ။ လွိုင်ကော်မြို့က ထွက်ခွာလာတာ ၆ လလောက်ရှိသွားပြီဗျ၊ ကျနော်တို့ တခြားမြို့မှာ ရှောင်နေရတယ်ဗျ၊ ပြန်လို့မရသေးဘူးဗျ၊ ဝင်လို့ မရသေးဘူးဗျ၊ ကျနော်တို့က ဒီလိုပဲပေါ့၊ စစ်ရှောင်တွေ သီးသန့်နေတဲ့နေရာမှာ ကျနော်တို့လည်း လိုက်နေရတာပေါ့၊ ကျနော်တို့က တော့ ပွင့်ပွင့်လင်းလင်းပြောရရင် လွိုင်ကော်မြို့ အခြေအနေက အခုထိ မသိရသေးဘူးဗျ၊ ကျနော်တို့လည်း ထွက်လာတာ ၆ လဝန်းကျင်ရှိသွားပြီဆိုတော့လေ” ဟု ပြောသည်။

လက်ရှိအချိန်ထိ လွိုင်ကော်မြို့ကို တစ်ဖက်နှင့်တစ်ဖက် အပြတ်အသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ မကြာခဏ တိုက်ပွဲများသာ ဖြစ်ပွားလျက်ရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

နှစ်ဖက်တိုက်ပွဲကြောင့် လွိုင်ကော်မြို့ခံပြည်သူ ၄၀,၀၀၀ နီးပါးသည် နီးစပ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေ၊ တောင်ကြီး စသဖြင့် ဒေသများသို့ ပြောင်းရွေ့ခဲ့ကြရကြောင်း သိရသည်။