CNI International News

အစ္စလာမ်မာဘက်၊ မေလ ၁၇

ပါကစ္စတန်က ထိန်းချုပ်ထားသည့် ဂျမူးနှင့် ကက်ရှ်မီးယား (PoKJ) ဒေသတွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့၍ အကျပ်အတည်းသည် တောင်အာရှကို ရိုက်ခတ်နိုင်သည်ဟု Times of Israel သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထို့အပြင် အာဖဂန်နစ္စတန်တွင် တာလီဘန်အဖွဲ့ အာဏာပြန်ရလာပြီးနောက် ပါကစ္စတန်နိုင်ငံအပေါ် ရန်လိုနေမှု များနှင့်လည်း ရင်ဆိုင်နေရသည်။

ပါကစ္စတန်အစိုးရက အာဇက် ဂျမူးနှင့် ကက်ရှ်မီးယား (AJK) ဟု ခေါ်ဆိုသည့် ထိုဒေသတွင် မေလ ၁၀ ရက်မှ ၁၂ ရက်အထိ နေရာဒေသ အနှံ့အပြား၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့များအကြား အဓိကရုန်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဖ်ကို တွေ့ရစဉ်

ဂျုံစျေးနှုန်းများ မြင့်တက်ခြင်း၊ အစားအစာ စျေးနှုန်းများ ဖောင်းပွခြင်း၊ အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်း၊ အစိုးရ၏ ဂျုံထောက်ပံ့မှု ရပ်တန့်သွားခြင်း၊ မကြာခဏ လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခြင်းနှင့် PoJK ဒေသ၏ သဘာဝသယံဇာတများ အမြတ်ထုတ် ခံရခြင်းတို့ကြောင့် နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေးအဖွဲ့များ က ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်အစိုးရက ထိုဆန္ဒပြမှုများကို ကြမ်းတမ်းစွာ ကိုင်တွယ်ခဲ့ပြီး ဆန္ဒပြသူများ၊ လူ့အခွင့်အရေးအဖွဲ့ ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခြင်းတို့ ပြုလုပ်ခဲ့သဖြင့် ဆန္ဒပြမှုများ ငြိမ်သက်သွားခဲ့သည်။

ထို့ပြင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ဖြိုခွင်းရန် ပါကစ္စတန်အစိုးရက အာဇက်ကက်ရှ်မီးယားဒေသသို့ ရာနှင့်ချီသည့် စစ်သားများ ဖြန့်ကြက်ချထားခဲ့သည်။

မေလ ၁၁ ရက်က ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန် ရိန်းဂျားတပ်ရင်း ၃ ရင်းသည် AJK ဒေသအတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် မူဇက်ဖာရာဘက် (Muzaffarabad) မြို့တော်တွင် ဆန္ဒပြသူများကို ဖြိုခွင်းခဲ့သဖြင့် ရာနှင့်ချီသည့် ဒေသခံများ ဒဏ်ရာရခဲ့သည်။

ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီ ဇာဒါရီကို တွေ့ရစဉ်

အာဇက် ကက်ရှ်မီးယား ဒေသအနှံ့နှင့် မူဇက်ဖာရာဘက်မြို့တော်တွင် အခြေအနေများ တင်းမာလျက်ရှိနေပြီး တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းရန် ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဖ်က (Shehbaz Sharif) က X လူမှုမီဒီယာတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်တွင် ရှရစ်ဖ်က အာဇက် ဂျမူးနှင့် ကက်ရှ်မီးယား(AJK)ဒေသ ဝန်ကြီးချုပ် ချောင်ဒရီ အန်ဝါ အူဟက် (Chaudhry Anwar-ul-Haq)အား ဂျမူး-ကက်ရှ်မီးယား ပူးတွဲ အဝါမီ လှုပ်ရှားမှု ကော်မတီ (JAAC) နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) ကလည်း AJK ဒေသတွင် ဖြစ်ပွားနေသည့် လက်ရှိ အခြေအနေအပေါ် ဝမ်းနည်းကြောင်း၊ ထိုဒေသတွင် ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားလာရေးနှင့် အခြေခံ အဆောက်အအုံကဏ္ဍများ အပါအဝင် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ဦးစားပေး လုပ်ဆောင်သင့် ကြောင်း ပြောကြားခဲ့သည်။

Source: Times of Israel