CNI International News

ဘန်စကာ ဘိုင်စတာရီကာ၊ မေ ၁၇

မေလ ၁၅ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသည့် ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ် ဖီကို (Robert Fico) သည် အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာဝန်ကြီး တာဝန်ယူထားသူ တိုမက်စ် တာရာဘာက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ် ဖီကို (၅၉ နှစစ်) သည် အစိုးရအဖွဲ့ အစည်းအဝေးမှ ပြန်လာချိန်တွင် သေနတ်သမားက ဖီကိုအား သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်ခံရမှုကြောင့် အစောပိုင်းတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိခဲ့ပြီး ခွဲစိတ်ကုသ မှုခံယူခဲ့ရသည်။

“ကျနော် တော်တော်လန့် သွားခဲ့ပါတယ်။ ကံကောင်းတာက ခွဲစိတ်မှုဟာ အောင်မြင်သွားခဲ့ပါတယ်။ သူ အသက် ရှင် ပါလိမ့်မယ်။ အခုအချိန်မှာတော့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး” ဟု တာရာဘာက ဘီဘီစီသတင်းဌာန၏ Newshour အစီအစဉ်တွင် ပြောကြားခဲ့သည်။

ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုအား ဆေးရုံသယ်သွားစဉ်

ကျည်ဆန်တစ်ခုသည် ဖီကို၏ အစာအိမ်ကို ဖောက်ထွက်သွားခဲ့ကြောင်း တာရာဘာက ပြောသည်။ 

လက်ရှိတွင် ဖီကိုသည် ခွဲစိတ်ခန်းမှ ထွက်လာပြီး ကျန်းမာရေးအခြေအနေ တည်ငြိမ်နေကြောင်း Aktuality.sk သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ဖီကိုသည် သေနတ်ဒဏ်ရာအချို့ ရရှိခဲ့ပြီးနောက် ပြင်းထန်သည့် ဒဏ်ရာ အများအပြား ရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ရောဘတ် ကာလီနက် (Robert Kalinak)က ပြောကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်၏ အခြေအနေသည် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ပြည်ထဲရေးဝန်ကြီး မာတပ်စ် ဆူတက်ဂျ် အက်စ်တော့ခ် (Matus Sutai Estok)က ထပ်မံ၍ အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်အား ပစ်ခတ်သူသည် အသက် ၇၁ နှစ်အရွယ် သက်ကြီးပိုင်း အမျိုးသားဖြစ်သဖြင့် လူထုကို တုန်လှုပ် သွားစေခဲ့သည်။

လက်ရှိတွင် သေနတ်ဖြင့် ပစ်ခတ်သူကို လူသတ်ရန် ကြံစည်မှုဖြင့် တရားစွဲဆိုထားသည်။

ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ် ဖီကိုကို တွေ့ရစဉ်

ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့ဝင်ဖြစ်သည့် ဆလိုဗက်ကီးယားတွင် နိုင်ငံရေး အကြမ်းဖက်မှုများသည် ရှားပါး ဖြစ်စဉ်ဖြစ်သည်။

ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) တို့ အပါအဝင် ဥရောပသမဂ္ဂ ခေါင်းဆောင်များက ထိုပစ်ခတ်မှုကို ထိတ်လန့်ကြောင်း ဖော်ပြခဲ့ပြီး ရှုတ်ချခဲ့ကြသည်။

လူဦးရေ ၅ ဒသမ ၄ သန်း နေထိုင်သည့် ဆလိုဗက်ကီးယားနိုင်ငံတွင် မကြာသေးမီ နှစ်များအတွင်း နိုင်ငံရေး သဘောထား ကွဲလွဲမှုများနှင့် အငြင်းအခုံများ ဖြစ်ပွားခဲ့သည်။

ထို့နောက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်က ဖီကိုသည် ဝန်ကြီးချုပ်ရာထူးကို ဒုတိယအကြိမ် ပြန်လည် ရရှိခဲ့သည်။

ဖီကို အာဏာပြန်ရလာပြီးနောက် ဆလိုဗက်ကီးယား အစိုးရအဖွဲ့သည် ယူကရိန်းကို ထောက်ခံမှု လျှော့ချခဲ့ပြီး ရုရှားနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သဖြင့် အတိုက်အခံများ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

Source: ရိုက်တာ