CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ နှင့်သာကေတမြို့ကို ဆက်သွယ်ထားသော သန်လျင်တံတား အမှတ်(၃) ဖွင့်ပွဲ အခမ်းအနားကို ၁၀၇ မမ ရှော့ တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မည့်သူများအား ဖမ်းဆီးရမိခဲ့သည်ဟု နစက-က ဇွန်လ ၁၀ ရက်နေ့မှာ သတင်း ထုတ်ပြန်ခဲ့သည်။

သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့ရာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၊ နစက တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ လေတပ်ဦးစီးချုပ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်တို့လည်း တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ရန်ကုန် UG အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် ဖမ်းဆီးရမိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ သင်္ဘောကျင်းဝန်ထမ်း အိမ်ယာဝန်းအတွင်းရှိ သစ်သားလိုင်းခန်းအဟောင်း၌ ရန်ကုန် UG အဖွဲ့ဝင်များဖြစ်သော စိန်ကြီး(ခ)အောင်ထွေး၊ ချိုကြီး(ခ)ဟိန်းထက်အောင်၊ မင်းသူ၊ မောင်ဟိန်း၊ အောင်သူရထွန်း၊ ပြည့်ဖြိုးဇော်၊ ထက်အာကာလင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး၊ ဖျူးစ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ အခြား ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် ဇွန်လ ၉ ရက်နေ့တွင် ရှော့တိုက်ဒုံး ပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သည့် ချစ်ကေခိုင်၊ ဇာနည်အောင်(ခ)ကိုဇာ တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံး၊ ဖျူးစ် ၁ ခုတို့ဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။