CNI International News

ဘေကျင်း၊ ဇွန်လ ၁၇

တရုတ်အစိုးရသည် လုံခြုံရေးကဏ္ဍကို အာရုံစိုက်လုပ်ဆောင်မှု၊ ပြည်ပသူလျှိုများကို ပစ်မှတ်ထား နှိမ်နင်းနေမှု၊ အစားအစာနှင့် စွမ်းအင်များကို စုဆောင်းနေမှုတို့သည် ထိုင်ဝမ်ကို ချက်ချင်းတိုက်ခိုက်တော့မည့် အရိပ်လက္ခဏာ များဖြစ်နိုင်သည်ဟု မျက်မြင်သက်သေများက ဇွန်လ ၁၃ ရက်တွင် အမေရိကန်လွှတ်တော်ဆိုင်ရာကော်မရှင်တွင် ထွက်ဆိုခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

“ပဋိပက္ခအတွက် တရုတ်ရဲ့ ပြင်ဆင်နေမှုတွေကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်မှုနဲ့ တရုတ်ရဲ့ ရွှေ့ကွက် တစ်ခုအတွက် ပြင်ဆင်နေမှုတွေကို သတိပြုမိနိုင်တဲ့အချက်က အလွန်အရေးကြီးပါတယ်” ဟု ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရလက်ထက်က အမျိုးသားထောက်လှမ်းရေး လက်ထောက် ညွှန်ကြားရေးမှူးဟောင်း ဖြစ်ခဲ့သည့် ကလစ်ဖ်တန် ဆင်းမ်စ် (Cliftom Sims) က ပြောသည်။

“ကျနော်တို့က စစ်ကို မလိုလားပါဘူး။ ဒါပေမယ့် တရုတ်က ငြိမ်းချမ်းရေးကို ကျိုးပျက်စေဖို့အတွက် အကြောင်းမဲ့ သက်သက်၊ မျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်ကို လုပ်ဆောင်မယ့် အချိန်အခါမျိုးမှာ ဆိုရင်တော့ ကျနော်တို့ အနိုင်ရဖို့ လုပ်ကိုလုပ်ရပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

တရုတ်၊ ထိုင်ဝမ်၊ အမေရိကန် အလံကိုတွေ့ရစဉ်

အမေရိကန်က တရုတ်၏ ထောက်ပံ့ရေး ကွင်းဆက်များအပေါ် မှီခိုမှုကို လျှော့ချရန် လုပ်ဆောင်နေသည်။

ထို့အပြင် အမေရိကန်လုပ် နည်းပညာမြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ပို့ကုန်များကို တရုတ်က စစ်ရေးရည်ရွယ်ချက် ဖြင့် အသုံးပြုနိုင်ခြေနှင့်ပတ်သက်ပြီး အမေရိကန်က စိုးရိမ်နေ၍ အင်ဒို-ပစိဖိတ်ဒေသ၌ တင်းမာမှုများ မြင့်တက် ခဲ့ပြီးနောက် လွှတ်တော်တွင် ကြားနာစစ်ဆေးမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံးပြီး ထိန်းချုပ်သွားမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်သည် အခြားနိုင်ငံများကဲ့သို့ ထိုင်ဝမ်၏ လွတ်လပ်ရေးကို အသိအမှတ် မပြုသော်လည်း ထိုင်ဝမ် ရေလက်ကြား၏ ရှိရင်းစွဲအခြေအနေကို ပြောင်းလဲစေမည့် မည်သည့် လှုပ်ရှားမှုကိုမဆို ဆန့်ကျင်လျက်ရှိကာ ထိုင်ဝမ်ကို လက်နက်များ ထောက်ပံ့ပေးလျက်ရှိသည်။  

လက်ရှိတွင် တရုတ်နိုင်ငံအတွင်း အိမ်ခြံမြေ စျေးကွက်ပြိုလဲကာ အလုပ်လက်မဲ့နှုန်းများ မြင့်တက်မှုတို့ အပါအဝင် စီးပွားရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသဖြင့် ထိုင်ဝမ်ကို ချက်ချင်းဝင်တိုက်မည့် အစီအစဉ်ထက် ပြည်တွင်း ရေး စိန်ခေါ်မှုများကို ဦးစားပေး ဖြေရှင်းနေရပုံပေါ်ကြောင်း လေ့လာသူများက ပြောသည်။

စစ်ရေးသရုပ်ဖော်ပြထားစဉ်

သို့သော် တရုတ်သည် ထိုင်ဝမ်ဒေသခံများကို ခြိမ်းခြောက်သည့် လှုပ်ရှားမှုများနှင့် သတင်းအမှား ဖြန့်မှုများ၊ သွေးထိုးလှုံ့ဆော်မှုများ အပါအဝင် အနာဂတ်တွင် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်လာနိုင်ခြေ ရှိသည်ဟုလည်း ကျွမ်းကျင်သူများက ပြောသည်။

ပဋိပက္ခအတွက် ပြင်ဆင်နေသည့် သိသာထင်ရှားသော အခြားလက္ခဏာများတွင် တရုတ်သည် အစားအစာများ၊ စွမ်းအင်များနှင့် မဟာဗျူဟာမြောက် တွင်းထွက်ပစ္စည်းများကို ပမာဏ အများအပြားနှင့် လျှင်မြန်စွာ စုဆောင်းနေ မှု၊ ရှေးဦးသူနာပြု အစီအစဉ်၊ ကယ်ဆယ်ရေး စခန်းများနှင့် အရပ်ဖက် ကာကွယ်ရေးအစီအစဉ်များကို ဖူကျန်း (Fujian) ၊ ကွမ်တုံ (Guangdong) နှင့် ထိုင်ဝမ်အနီးရှိ အချို့ နေရာဒေသများတွင် လုပ်ဆောင်နေခြင်းဖြစ်သည်။

တရုတ်သည် ပြည်ပကုမ္ပဏီများ၊ ဒေတာစီးဆင်းမှုများအပေါ် ထိန်းချုပ် ကန့်သတ်မှုများကို တိုးမြှင့်ခဲ့သဖြင့် တရုတ်၏ ရည်ရွယ်ချက်များကို ခန့်မှန်းရာတွင် ရှုပ်ထွေးစေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: SCMP