CNI International News

ဆိုးလ်၊ ဇွန်လ ၁၉ 

ရုရှားနှင့် မြောက်ကိုရီးယားသည် အမေရိကန်က ဦးဆောင်ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများကို ကျော်လွှားရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်လိုကြောင်း ပြောကြားခဲ့ပြီးနောက် ရုရှားသမ္မတ ပူတင် (Vladimir Putin) သည် ဇွန်လ ၁၈ ရက် အစောပိုင်းက မြောက်ကိုရီးယားသို့ ရောက်ရှိခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ပူတင်သည် ပြုံယမ်း (Pyongyang) မြို့တော်လေဆိပ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့်တွေ့ဆုံခဲ့ပြီး လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်းတို့ ပြုလုပ်ခဲ့ကာ ကင်မ်က ပူတင်ကို သူ့ကားဆီ ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ပြုံယမ်းမြို့တော်ရှိ Kumsusan နိုင်ငံတော်ဧည့်ဂေဟာသို့ သွားရောက်ခဲ့ကြသည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်  KCNA သတင်းအေဂျင်စီမှ ဖော်ပြခဲ့သည်။

၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုသည် နှစ်နိုင်ငံအကြား ပြိုင်ဘက်ကင်းပြီး တာရှည်ခံသည့် ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံး ညီညွတ်မှုကို ပြသရာရောက်သော သမိုင်းဝင် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအတွင်းမှာ ပူတင်ရဲ့ ပုံကိုချိတ်ဆွဲထားစဉ်

၂၄ နှစ်အတွင်း မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်ခဲ့သည့် ပူတင်က ယူကရိန်းစစ်ပွဲတွင် ရုရှားစစ်တပ်၏ လုပ်ဆောင်ချက်များကို ခိုင်မာစွာထောက်ခံပေးသော မြောက်ကိုရီးယားကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ပြောကြားခဲ့သည်။

ရုရှားနှင့် မြောက်ကိုရီးယားသည် တရားမျှတမှု၊ အချုပ်အခြာအာဏာကို အပြန်အလှန် လေးစားမှုနှင့် တစ်ဦး၏ အကျိုးကို တစ်ဦးက ရှေးရှုမှုတို့အပေါ် အခြေခံသည့် ဝင်ရိုးစုံကမ္ဘာ ထူထောင်ရေးကို ဟန့်တားလိုသော  အနောက်အုပ်စုကို ပြတ်သားစွာ ဆက်လက် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ပူတင်က ပြောသည်။

မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနေပြီး အပြန်အလှန် အနေဖြင့် ရုရှားထံမှ နည်းပညာနှင့် စီးပွားရေးအကူအညီများ ရယူနေကြောင်း စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ပူတင်၏ မြောက်ကိုရီးယားခရီးစဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

 

 ပူတင်နဲ့ကင်မ်ကိုတွေ့ရစဉ်

မြောက်ကိုရီးယား၏မြို့တော် ပြုံယမ်းရှိ လမ်းများပေါ်၌ ပူတင်၏ ဓာတ်ပုံများနှင့် ရုရှားအလံများကို အလှဆင် ထားပြီး အဆောက်အအုံ တစ်ခုပေါ်တွင် "ရုရှားဖက်ဒရေးရှင်း သမ္မတကို ကျနော်တို့ နွေးထွေးစွာ ကြိုဆိုပါသည်" ဟု ရေးသားထားသည့် စာတမ်းကို ချိတ်ဆွဲဖော်ပြခဲ့သည်။

ရုရှားနှင့် မြောက်ကိုရီးယားသည် အနောက်နိုင်ငံများက ထိန်းချုပ်ထားခြင်း မရှိသည့် ကုန်သွယ်ရေးနှင့် ငွေပေး ချေမှုစနစ်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများအား ပူးပေါင်းဆန့်ကျင်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုများ ချမှတ်ခံထားရပြီး ရုရှားသည် ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ၏ ပိတ်ဆို့မှုများ ချမှတ်ခံထားရသည်။ 

Source: အေပီ