CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲအတွင်း ဒေသခံလူထုများ ပိတ်မိနေကြောင်း သိရသည်။

အင်းတော်ကြီး အင်းမြှီးဒေသမှ ဒေသခံများကို KIA/PDF များက ဘေးလွှတ်ရာ တိမ်းရှောင်ခွင့် မပြုကြောင်း အင်းတော်ကြီးဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ညောင်ပင်ကနေပြီးမှ အင်းမြှီးရွာတွေပေါ့နော်၊ ချောင်းဝတို့ အဲဒီကနေစပြီးမှ လွှဲမွန်တို့ ဘာတို့တွေလည်း ထွက်လို့(ဒေသခံတွေသွားလို့)မရဘူးလို့ ပြောတယ်။ လွှဲမွန်တို့ ညောင်ပင်တို့ အကုန်လုံးပေါ့၊ အဲဒီက တစ်လျှောက် ထွက်ခွင့်မပေးဘူးလို့ ပြောတယ်။ လုံတုံအထိတော့ ပါလိမ့်မယ် ထင်တယ်။ စခန်းက လုံးတုံအထိ ရှိတာဆိုတော့ လေ၊ သူတို့ရဲ့ (KIA/PDF) Targeted ထဲမှာလည်း ညောင်ပင်စခန်းရယ်၊ ပြီးတော့မှ ချောင်းဝစခန်းရယ်၊ လုံးတုံစခန်း ရယ်ဆိုပြီးမှ ပါတယ်ဆိုခဲ့ အခါကြတော့” ဟု ပြောသည်။

ထိုမတိုင်မီ ဒေသခံအချို့မှာ ဟိုပင်၊ မိုးညှင်းမြို့တို့ကို တိမ်းရှောင်ခဲ့ကြကြောင်း၊ လက်ရှိတွင် တိမ်းရှောင်ခွင့်အား KIA/PDF တို့က တားမြစ်ထားကြောင်း သိရသည်။

KIA/PDF ကို တွေ့ရစဉ်

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်တွင် KIA/PDF ပူးပေါင်းတပ်ဖွဲ့က အင်းတော်ကြီးဒေသကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ပြီး ညောင်ပင်ကျေးရွာကို သိမ်းပိုက်ထားကြောင်း၊ ချောင်းဝကျေးရွာကို ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရ သည်။

ညောင်ပင်စခန်း တိုက်ပွဲမှာ မိနစ်အနည်းငယ်သာ ဖြစ်ပွားခဲ့ပြီး တပ်ဖက်က လုံးတုံစခန်းသို့ သွားရောက်ပူးပေါင်းနေ ကြောင်း၊ ချောင်းဝစခန်းကို ဆက်လက် တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ရှမ်းနီဘာသာ စကားဖြင့် ပြောကြားသည်။

အင်းတော်ကြီးဒေသက ရှမ်းနီတိုင်းရင်းသားများကိုတွေ့ရစဉ်

၎င်းက “အခုကတော့ သူတို့ (စစ်တပ်) က ပြန်ဆုတ်ခဲ့တယ်။ ညောင်ပင်ဖက်က စခန်းက လုံးတုံဖက် လာပေါင်းထား တယ်၊ ၃၊ ၄ မိနစ်ပဲ တိုက်ကြတယ်လို့ ပြောတယ်၊ ရွာသူရွာသားတွေ ထိမှာစိုးလို့ လုံတုံဖက် ရွေ့တာလား၊ ဒါမှ မဟုတ် သူတို့ နှစ်ဖက်ညှိနှိုင်းလိုက်လို့ ရွေ့သွားတာလား မသိဘူး။ KIA/PDF တွေ ဝင်လို့ နေလိုက်တာ စိုးရိမ်ရတာ က ရွှေလုပ်ကွက်တွေ လုပ်မှာကိုပဲ၊ အရင်က ညောင်ပင်ရွာအနီးမှာ ရွှေတွေ မလုပ်ခိုင်းဘူး။ အင်းတော်ကြီးကို ထိခိုက်မှာရော၊ သဘာဝသယံဇာတကို ထိန်းသိမ်းတာရော ရွှေတွေ မတူးခိုင်းဘူး။ အခု KIA ဝင်လိုက်တာ ဒါတွေ တော့ စိုးရိမ်ရတယ်။ လောလောဆယ် ချောင်းဝမှာ သူတို့ (KIA/PDF) သွားတိုက်နေတယ်၊ သိမ်းလည်း သိမ်းနေပြီ လို့ ပြောကြတယ်။ ဘာကြောင့် KIA/PDF က ထိုးစစ်ဆင်တာလည်း မသိဘူး။ စစ်ကောင်စီရဲ့ စခန်းကြီးကြီးမားမား လည်း မရှိဘူး” ဟု ပြောသည်။

လက်ရှိတွင် KIA/PDF တို့က အင်းတော်ကြီး အင်းမြှီးဒေသမှ ညောင်ပင်စခန်း၊ ဝှေ့လုံစခန်းတို့ကို သိမ်းပိုက်ထားပြီး ချောင်းဝစခန်းရရှိရေး ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

အင်းတော်ကြီးဒေသတွင် ကျေးရွာပေါင်း ၃၉ ရွာရှိကာ တိုင်းလိုင် (ခေါ်) ရှမ်းနီလူမျိုး အများစုနေထိုင်ကြပြီး ဗမာ၊ ကချင် အနည်းငယ်နေထိုင်ရာ ဒေသဖြစ်ကြောင်း သိရသည်။