=CNI International News

နယူးဒေလီ၊ ဇွန် ၂၅

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် အင်ဒို-ပစိဖိတ်ဒေသကို လွတ်လပ်ပွင့်လင်းမှု၊ ဘက်စုံပါဝင်မှု၊ လုံခြုံမှုနှင့် စည်းမျဉ်းအခြေပြုဒေသဖြစ်စေရန် ပူးပေါင်းဆောင်ရွက်ရေး ၎င်းတို့၏ ကတိကဝတ်များကို ထပ်လောင်း အတည် ပြုခဲ့သည်ဟု Economic Times မှ ဖော်ပြခဲ့သည်။

နှစ်နိုင်ငံစလုံးသည် ဘေးအန္တရာယ်များကို လျော့ပါးသက်သာစေရန်အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ အင်ဒို-ပစိဖိတ် သမုဒ္ဒရာဆိုင်ရာ အစီအစဉ် (IPOI) ၏ ဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍကို ပူးပေါင်း ဦးဆောင်သွားရန်လည်း ကတိပြုခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာ (Sheikh Hasina) ၏ ၂ ရက်ကြာ အိန္ဒိယခရီးစဉ်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ပူးတွဲအစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ အလံကို တွေ့ရစဉ်

ထိုအစီရင်ခံစာထဲတွင် မိမိတို့၏ ချစ်ကြည်ရင်းနှီးမှုသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ဖြစ်ပေါ်စေခဲ့သည့် အချက်ကို အသိအမှတ်ပြုကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသကို လွတ်လပ်မှု၊ ပွင့်လင်းမှု၊ ဘက်စုံ ပါဝင်မှု၊ လုံခြုံမှုနှင့် စည်းမျဉ်းအခြေပြု ဒေသဖြစ်စေရန် မိမိတို့၏ ကတိကဝတ်များကို ထပ်လောင်း အတည်ပြု ကြောင်း ဖော်ပြခဲ့သည်။

အင်ဒို-ပစိဖိတ်ဒေသအပေါ် မိမိတို့၏ တူညီသည့် အမြင်နှင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၏ ဆိုးရွားသည့် သက်ရောက်မှုများကို ခံနိုင်ရည်မရှိသော အချက်အပေါ် အခြေခံပြီး အင်ဒို-ပစိဖိတ် သမုဒ္ဒရာဆိုင်ရာ အစီအစဉ် (IPOI) ၏ ဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍကို ပူးပေါင်းဦးဆောင်သွားမည်ဖြစ်သည်။

ဘေးအန္တရာယ်ဒဏ်ကို ခံနိုင်သည့် အခြေခံ အဆောက်အအုံများ တည်ဆောက်မှုနှင့် မိမိတို့၏ ပင်လယ်ရေကြောင်း ဒေသအား ပိုမိုခိုင်မာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံစလုံး၏ ဘုံအကျိုးစီးပွားများ၊ အထူးသဖြင့် ကမ္ဘာ့တောင်ခြမ်း ဒေသတွင်ရှိသည့် နိုင်ငံများ၏ အကျိုးစီးပွားများကို မြှင့်တင်ရန် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်များအား အတူတကွ ပူးပေါင်းဆောင်ရွက်ရန်လည်း ကတိပြုခဲ့ကြသည်။

အင်ဒို-ပစိဖိတ်အရေး ဆွေးနွေးပွဲတက်ရောက်လာသော ခေါင်းဆောင်သုံးဦးကိုတွေ့ရစဉ်

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား အပြန်အလှန် ယုံကြည်မှုနှင့် အကျိုးဖြစ်ထွန်းမှုတို့အပေါ် အခြေခံသည့် နက်ရှိုင်းပြီး အရည်အသွေးမြင့်မားသော ဆက်ဆံရေးကို တည်ဆောက်ရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ဟာစီနာသည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ဇွန်လ ၂၁ ရက်က အိန္ဒိယနိုင်ငံသို့ ၂ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အိန္ဒိယလွှတ်တော် ရွေးကောက်ပွဲတွင် မိုဒီက တတိယသက်တမ်းကို အနိုင်ရရှိခဲ့ပြီးနောက် ဟာစီနာ၏ အိန္ဒိယခရီးစဉ်သည် ပထမဆုံး နိုင်ငံတော်ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။

Source: Economic Times