CNI International News

လာပက်ဇ်၊ ဇွန်လ ၂၈

ဘိုလီဗီးယားနိုင်ငံတွင် ဇွန်လ ၂၆ ရက်က စစ်ဗိုလ်ချုပ်ကြီး ဟွမ်ဟိုဆေးဇူနီဂါ (Juan Jose Zuniga) ဦးဆောင်သည့် အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ဘဲ ထိုအစီအစဉ်ကို ဦးဆောင်သော  ဇူနီဂါသည် ဖမ်းဆီးခံခဲ့ရသည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထိုဖြစ်စဉ်တွင် လာပက်ဇ် (La Paz) မြို့တော်ရှိ ဘိုလီဗီးယားအစိုးရနန်းတော်၏ ဂိတ်တံခါးများကို ကျည်ကာကား များက ဝင်တိုက်သည့်ခဲ့ပြီး စစ်သားများကလည်း သမ္မတ လူးဝစ် အာရ်စီ (Luis Arce) ၏ အစိုးရအဖွဲ့ကို ထိန်းချုပ် ခဲ့သည်။ 

သမ္မတအာရ်စီကမူ ထိုအာဏာသိမ်းရန် ကြိုးပမ်းမှုကို အလျှော့ပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့ပြီး စစ်ဦးစီးချုပ် အသစ်တစ်ဦး ချက်ချင်းခန့်အပ်ခဲ့သည်။

ထို့နောက် သမ္မတအာရ်စီ ခန့်အပ်လိုက်သော စစ်ဦးစီးချုပ်အသစ်က စစ်သားများကို စစ်တန်းလျားပြန်ရန် အမိန့်ပေးခဲ့ပြီးနောက် စစ်သားများသည် ထိုအမိန့်ကို နာခံခဲ့ကြသည်။

သမ္မတ လူးဝစ် အာရ်စီကို တွေ့ရစဉ်

ထိုအမိန့်နှင့်အတူ စစ်သားများနှင့် ကျည်ကာကားများ ပြန်လည်ဆုတ်ခွာ သွားခဲ့ပြီးနောက် အာဏာသိမ်းရန် ကြံစည်မှုသည် ၃ နာရီအကြာအတွင်း အဆုံးသတ်သွားခဲ့သည်။ 

သမ္မတအာရ်စီကို ထောက်ခံသူများက နန်းတော်အပြင်ဘက်ရှိ ရင်ပြင်ကို အလျင်အမြန် ထွက်လာခဲ့ကြပြီး နိုင်ငံတော်သီချင်းကို သီဆိုခြင်း၊ အောင်ပွဲခံခြင်းတို့ ပြုလုပ်ခဲ့သည်။

စစ်သားများ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက် အာဏာသိမ်း လှုပ်ရှားမှုခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဇူနီဂါသည် ဖမ်းဆီးခံခဲ့ရပြီး အစိုးရရှေ့နေချုပ်က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့သည်။

ဇူနီဂါအပြင် ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း ဟွမ် အားနက် ဆယ်လ်ဗေးဒိုး (Juan Arnez Salvador) လည်း ဖမ်းဆီး ခံခဲ့ရကြောင်း အစိုးရအဖွဲ့ဝန်ကြီး အယ်ဒိုရာဒို ဒယ် ကက်စတီလို (Eduardo del Castillo) က ပြောကြားခဲ့သည်။

ဘိုလီဗီးယားစစ်တပ်ကိုတွေ့ရစဉ်

“သူတို့အုပ်စုရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရကို ဖြုတ်ချဖို့ ဖြစ်ပါတယ်” ဟု ဒီ ကက်စတီလိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဇွန်လ ၂၆ ရက် နှောင်းပိုင်းတွင် အီကွေဒေါကာကွယ်ရေးဝန်ကြီး အက်ဒ်မွန်ဒို နာဗီလို (Edmundo Vovillo) က အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ 

ထို့ပြင် ဘိုလီဗီးယားသည် အာဏာသိမ်းမှုကို ကျရှုံးစေရန် လုပ်ဆောင်နိုင်ခဲ့ကြောင်း နိုဗီလိုက စစ်တပ် အကြီးအကဲ သစ်များနှင့်အတူ ပြောကြားခဲ့သည်။

ဘိုလီဗီးယားတွင် သမ္မတအာရ်စီနှင့် လက်ဝဲယိမ်း သမ္မတဟောင်း အီဗို မိုရာလက်စ် (Evo Molales) တို့အကြား အာဏာရပါတီကို လွှမ်းမိုးရေးအတွက် အားပြိုင်မှုများကြောင့် တင်းမာမှုများ ဖြစ်ပွားနေချိန်တွင် ယခုကဲ့သို့ အာဏာသိမ်းရန် ကြိုးပမ်းသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Source: အေပီ