CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၈

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့ ရွေးချယ်မှုကနေ ရခိုင့် ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးတို့ နုတ်ထွက်သွားကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက်က UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ ရွေးချယ်မှုအပြီး နုတ်ထွက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါက်တာ အေးမောင်က “ နောက်ဆုံး မဲရေတဲ့ စာရင်းလေး ထွက်လာတာပေါ့ဗျာ၊ အနည်းအများ စာရင်းထွက်တဲ့ အခါမှာ အများဆုံးရတဲ့ ပါတီက ဘယ်နှစ်မဲရတယ်၊ အနည်းဆုံးရတဲ့ ပါတီက ဘယ်နှစ်မဲ ရတယ်ဆိုတဲ့အခါမှာ မဲထပ်သွားကြတာ ပေါ့ နော်၊ မူလ ၁၆ ပါတီဆိုတဲ့ ဘာခေါ်မလဲ ဦးဆောင်မယ့်ပါတီနဲ့ အရန် ၁၆ ပါတီ ၃၂ ပါတီရွေးကြတာပေါ့၊ အမြဲတမ်း ၁၆ ပါတီ ဆို တဲ့ စာရင်းကို ကျနော်တို့ စိစစ်တဲ့အခါမှာ ထပ်တဲ့ မဲက ၃ ပါတီ ထပ်နေတယ်ဗျ၊ ၃ ပါတီထပ်တယ်၊ နောက် အရန် ၁၆ ပါတီမှာ လည်း ၃ ပါတီ ထပ်တာပေါ့၊ စုစုပေါင်းရဲ့ ၃၃ ပါတီလောက်က ခုနလိုလေ မဲတူကြတဲ့ သဘောပေါ့၊ ၆ ပါတီက မဲတူကြတာပေါ့၊ ၃ ပါတီက တစ်ခေါက်တူတယ်၊ ၃ ပါတီက တစ်ခေါက်တူတယ်ပေါ့ဗျာ၊ အဲဒီတော့ ၃၂ ပါတီမှာ ၃၃ ပါတီက ပါနေတယ်၊ အဲဒီဟာ ကို ထပ်ပြီး မဲပြန်ပေးရမယ်၊ သို့မဟုတ် ခုနလို ခင်ဗျားတို့ သိတဲ့အတိုင်းပဲ မဲနိုက်မှာလား၊ မဲပေးမှာလားဆိုတဲ့ ပြဿနာလေး ဖြစ်တာပေါ့၊ ဆွေးနွေးကြတာပေါ့” ဟု ပြောသည်။

ထိုကဲ့သို့ ပါတီများ မဲထပ်နေခြင်းနှင့် ရခိုင်ပါတီ ၃ ပါတီ ပါဝင်နေသည့်အတွက် မိမိနုတ်ထွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာ အေးမောင်က “အဲဒီမှာ ပထမအမြဲတမ်းပါတီမှာ ကျနော့်ပါတီနဲ့ ပြည်ခိုင်ဖြိုးပေါ့နော်၊ ဒေါက်တာ အောင်မြတ်ဦးရဲ့ အရွေးခံတဲ့ ပြည်ခိုင်ဖြိုးပါတီရယ်၊ ဦးအေးလွင်ပေါ့နော်၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုရဲ့ ဦးအေးလွင်ရဲ့ ပါတီတို့က ထပ်တယ်ဗျ၊ ဘာခေါ်မလဲ အမြဲတမ်းခေါ်မှာပေါ့ အမြဲတမ်း ၁၆ ပါတီမှာ ထပ်တော့ နောက် အရန် ၁၆ ပါတီမှာလည်း ၃ ပါတီက ထပ်တယ်ဗျ၊ အဲဒီတော့ ကျနော်လည်းဘဲ အမြဲတမ်း ၁၆ ပါတီထဲကနေ နုတ်ထွက်ပေးခဲ့ပါတယ်” ဟု ပြောသည်။

UPDJC နိုင်ငံရေးပါတီများ ရွေးချယ်မှုတွင် ပါတီများအနေဖြင့် အုပ်စုဖွဲ့ ရွေးချယ်ခဲ့ကြကြောင်း၊ ပါဝင်သင့် ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များ ပါဝင်မှု မရှိကြောင်း ဒေါက်အေးမောင်က ပြောသည်။

ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက “ကျနော် ဘာမှ မှတ်ချက် မပြောချင်ပါဘူးခင်ဗျ၊ ဘာမှ မှတ်ချက်သဘောထား မပြောချင်ဘူးလို့ ပြောတယ်ဆိုတဲ့ အကြောင်းဘဲ လွင့်လိုက်ပါဗျာ”ဟု ပြောသည်။

ဒေါက်တာအေးမောင်ကိုတွေ့ရစဉ်

UPDJC နိုင်ငံရေးပါတီများ ရွေးချယ်မှုကို အမြဲတမ်းကော်မတီဝင် ၁၆ ဦး၊ အရန် ကော်မတီဝင် ၁၆ ဦး ရွေးချယ်နိုင်ခဲ့ကြောင်း၊ သို့သော်လည်း မဲရွေးချယ်မှုတွင် အငြင်းပွားမှုများ ရှိခဲ့ကြောင်း သိရသည်။

ရခိုင်မျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က “အခု ဒီ UPDJC မှာ တိုင်းရင်းသား ပါတီတွေကလည်း အင်အား အတော်အတင့်နဲ့ ပါဝင်နေတဲ့အတွက် တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသား ပြည်နယ် အခြေခံ တဲ့ လူမျိုးတွေနဲ့ အမြင်တွေက ဒီ UPDJC မှာ အတိုင်းအတာ တစ်ခုအထိ သူတို့ရဲ့ မူဝါဒတွေ အမြင်ဟာ ပေါ်ပေါက်လာမယ်လို့ ကျနော်တို့ ယူဆတယ်၊ အဲဒါကြောင့် အဓိကတော့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍဟာ UPDJC ကို အခြေခံပြီးတော့ ဆောင် ရွက်မယ် ဒါမှားရင် မှားတယ်လို့တော့ ပြတ်ပြတ်သားသား ဝေဖန်ရလိမ့်မယ်၊ မှန်ရင်လည်း မှန်ရာကို ထောက်ခံရလိမ့်မယ် ကျနော်တို့ကတော့ အဲဒီလို ယူဆတယ်၊ တကယ်လို့သာ မိမိတို့ရဲ့ မှန်ကန်တဲ့ လုပ်ကိုင်ဆောင်ရွက်မှု မရှိဘူးဆိုလို့ရှိရင် တစ်ခုခု လွှမ်းမိုးထားတဲ့ ဩဇာအာဏာ အောက်မှာဘဲ တစ်သတ်မှတ်တည်း နေရမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ပါတီကတော့ ဒီလို မလုပ်နိုင် မကိုင်နိုင်ရင်တော့ နုတ်ထွက်ဖို့ အဆင်သင့်ပဲဆိုတာကတော့ ပြောချင်ပါတယ်ခင်ဗျာ” ဟု ပြောသည်။

ဒေါက်တာအေးမောင်နှင့် ဦးကိုကိုကြီးတို့ ပါတီမှာ မဲစာရင်းတိုက်နေ၍ ပြန်လည်ရွေးချယ်ရန် နောက်ကျနိုင်သည့်အတွက် ဆက်လက်ပြီး အရွေးမခံတော့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြော သည်။

၂၀၂၁ ခုနှစ် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ ရွေးချယ်ခံရသူများ

မန်းအောင်ပြည်စိုးက “ကျနော်တို့ကတော့ အမြန် ပီပီပြင်ပြင် ချိန်ဆပြီးတော့ပေါ့လေ နိုင်ငံရေးပါတီများ အစုအဖွဲ့က လုပ်နိုင် ကိုင်နိုင်မယ့်ဟာကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လုပ်နိုင်ကိုင်နိုင်မယ့်ဟာကို လုပ်ဖို့တော့ စဉ်းစားထားတာပေ့ါ၊ ဒါပေမဲ့ SAC ကလည်း ဘယ်လို လှုပ်ရှားလာမလဲ၊ EAO တွေကလည်း ဘယ်လို သဘောထားမယ်ဆိုတဲ့ အပိုင်းပေါ်မှာလည်း ကြည့်ပြီးတော့ ကျနော်တို့ ဆက်လက် ဆောင်ရွက်သင့်တာကို ဆောင်ရွက်ဖို့ စဉ်းစားထာပါတယ်” ဟု ပြောသည်။

UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရန် NCA စာချုပ်တွင် ပြဋ္ဌာန်းထား သည်။

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက်က ပြန်လည်ရွေးချယ်ခဲ့သည့် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့တွင် ဦးစိုင်းအိုက်ပေါင်း၊ ဒေါ်ချိုချို ကျော်ငြိမ်း၊ ဦးစောသန်းမြင့်၊ တ.စ.ည ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ(MUP)တို့ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။