CNI International News

ခါတွမ်း၊ ဧပြီ ၂၈

မည်သူမည်ဝါဟု အတိအကျ ထုတ်မပြောသော အစိုးရအရာရှိဟောင်းနှစ်ဦးကို ဆူဒန်အာဏာပိုင်များက အကျဉ်း ထောင်မှ ပြန်လွှတ်ခဲ့ကြောင်း ရှေ့နေများက ဧပြီ ၂၇ ရက်တွင် ပြောကြားသည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။ ဆူဒန်နိုင်ငံရေး မတည်မငြိမ်နှင့် ကသောင်းကနင်းဖြစ်မှုများ အဆုံးသတ်နိုင်ရန်အတွက် ကြိုးပမ်း နေချိန်၌ ယုံကြည်မှုတည်ဆောက်ရေးအစီအမံ၏တစိတ်တပိုင်းအဖြစ် ယင်းကဲ့သို့ ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဆူဒန်နိုင်ငံတွင် ဆယ်စုနှစ် ၃ ခုကြာ ဖိနှိပ်အုပ်ချုပ်နိုင်အောင် အားကောင်းခဲ့သူ အိုမာအယ်လ်ဘာရှား အစိုးရ နောက်ပိုင်း တိုတောင်းလှသော ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလကို ယမန်နှစ်၊ အောက်တိုဘာလတွင် စစ်တပ် က အာဏာသိမ်း၍ တစ်ခန်းရပ်စေခဲ့သည်။ ယင်းနောက် ပြည်တွင်းရေး ကသောင်းကနင်း ဆက်ဖြစ်နေခဲ့သည်။ အယ်လ်ဘာရှားနှင့် ၎င်း၏အစ္စလာမ္မစ်ကျောထောက်နောက်ခံပြုအစိုးရကို ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ဖြစ်ပွားခဲ့သော ဆူဒန်လူထုအုံကြွမှုက ဖယ်ရှားလျက် ဖြုတ်ချခဲ့သည်။

ယခင်အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သည့် ဝန်ကြီးဟောင်း ခါလစ်အိုမာသည် ဧပြီ ၂၇ ရက် နှောင်းပိုင်းတွင် ပြန်လည် လွတ်မြောက်လာခဲ့သလို အလားတူ အချုပ်အခြာအာဏာပိုင်ကောင်စီအဖွဲ့ဝင်ဟောင်း မိုဟာမက်အယ်လ်ဖာကီ ဆူလေမန်ကိုလည်း ခါတွမ်မြို့တော်ရှိ တစ်ခုသော အကျဉ်းထောင်မှ လွှတ်ပေးလိုက်ကြောင်း ၎င်းတို့၏လုံခြုံရေး တာဝန်ယူထားသောအဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

ခါတွမ်းမြို့မြောက်ပိုင်းရှိ ရာဇဝတ်ဆိုင်ရာတရားရုံးသည် မရေရာသော စွဲချက်အများအပြားကို ဆိုင်းငံ့ထားပြီး ယင်းအမှုများကို ဆက်လက်စီရင်ရေးအတွက် သက်တမ်းတိုးရန် အစိုးရရှေ့နေများက တောင်းဆိုခဲ့သော်လည်း ပယ်ချခဲ့သည်။ ယခုလွတ်မြောက်လာသူများအပေါ် တင်ထားသည့် စွဲချက်များမှာ လူထုယုံကြည်မှုကို သစ္စာ ဖောက်ခြင်းအပါအဝင်ဖြစ်ကြောင်း ရှေ့နေများက ပြောကြားခဲ့သည်။

၎င်းတို့ကို အကျဉ်းထောင်အသီးသီးတွင် ဆက်လက်ထိန်းသိမ်းထားဖို့ လုံလောက်သည့် ဥပဒေဆိုင်ရာ အထောက်အထား မတွေ့ရကြောင်း တရားရုံးဆုံးဖြတ်ချက်ကို ကိုးကားလျက် အဆိုပါရှေ့နေများက ရှင်းပြခဲ့သည်။

အိုမာနှင့် ဆူလေမန်နှစ်ဦးစလုံးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက် စစ်အာဏာသိမ်းစဉ်အတွင်း အခြားအစိုးရ အရာရှိဆယ်ဂဏန်းမျှနှင့်အတူ ဖမ်းဆီးခဲ့ပြီး နောက်တစ်လအကြာ စစ်တပ်နှင့် ဝန်ကြီးချုပ် အဗ္ဗဒူးလာဟမ်းဒေါ့ တို့အကြား သဘောတူညီမှုတစ်ရပ်ရရှိခဲ့၍ ပြန်လွှတ်ပေးခဲ့သည်။

ယင်းနောက် ဆူဒန်စစ်ဗိုလ်ချုပ်များနှင့် ဆန္ဒပြလှုပ်ရှားသူများအကြား ပေါင်းကူးတံတားတစ်ခု ထိုးနိုင်ရန် လစ်ဟာခဲ့ခြင်းကြောင့် ဝန်ကြီးချုပ် ဟမ်းဒေါ့ ရာထူးမှနုတ်ထွက်ပေးခဲ့ရသည်။

ထို့ကြောင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသောအုပ်စုကို စစ်ဗိုလ်ချုပ်များက ထပ်မံဖြိုခွင်းခဲ့ရာ အိုမာနှင့် ဆူလေမန်တို့ကို ထပ်မံဖမ်းဆီးခဲ့ပြန်သည်။ စစ်တပ်က အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ယမန်နှစ်က ဆူဒန်နိုင်ငံအနှံ့အပြားဖြစ်ပွားခဲ့ရာ တက်ကြွလှုပ်ရှားသူ ဆယ်ဂဏန်းမျှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ဆန္ဒပြလူအုပ်အတွင်းသို့ ဖြိုခွင်းမှုကြောင့် လူ ၉၀ ကျော်သေဆုံးပြီး ထောင်နှင့်ချီ၍ ဒဏ်ရာရခဲ့ကြောင်း၊ သေဆုံး ဒဏ်ရာရသူအများစုမှာ လူငယ်များဖြစ်ကြကြောင်း ဆူဒန်ကျန်းမာရေးအထောက်အကူပြုအဖွဲ့တစ်ဖွဲ့က ပြောကြား ခဲ့သည်။

ဆူလေမန်သည် အယ်လ်ဘာရှားအစိုးရလက်ထက်က အလေ့အထဟောင်းများကို ချေမှုန်းသုတ်သင်ရန်အတွက် တာဝန်ပေးအပ်ခြင်းခံရသူဖြစ်ပြီး အစိုးရဌာနတစ်ခု၏ လက်ထောက်အကြီးအကဲရာထူး ရရှိခဲ့ဖူးသည်။

Source: AP