CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃၁

အကြမ်းမဖက်သည့် နိုင်ငံရေးကသာ ပြည်သူလူထုအားလုံး ပါဝင်နိုင်သည့် နိုင်ငံရေးဖြစ်ကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

မိမိတို့ အနေဖြင့် အကြမ်းမဖက်သည့် နိုင်ငံရေးကို ကိုင်စွဲထားကြောင်း၊ နိုင်ငံ‌ရေး အကျပ်အတည်းကို နိုင်ငံရေး နည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။

ဦးကိုကိုကြီးက “ကျနော်တို့ကတော့ အကြမ်းမဖက် နိုင်ငံရေးကိုပဲ တစိုက်မတ်မတ် ကိုင်စွဲထားတယ်၊ ယုံကြည် တဲ့သူတွေ အနေနဲ့ကတော့ ဘယ်လို အကျပ်အတည်း မျိုးမှာပဲဖြစ်ဖြစ် ကျ‌‌နော်တို့က နိုင်ငံရေးနည်းလမ်း ပြန်ပြီး တော့ ပုံပေါ်လာအောင် နောက် ပြည်သူတစ်ဦးချင်း၊ တစ်ဦးချင်း ပါဝင်နိုင်တဲ့ နိုင်ငံရေးပုံစံ ပြန်ဖြစ်လာအောင် ဆောင်ရွက်မှသာလျှင် ကျယ်ကျယ်ပြန့်ပြန့် ဒါနိုင်ငံရေး အခင်းအကျင်း ပေါ်လာမယ်၊ အဲဒီလို မဟုတ်ရင် လက်နက်ကိုင် လမ်းစဉ်တို့ ဘာတို့ဆိုတာက ပြည်သူတိုင်း မပါနိုင်ဘူး။ တကယ်က ပြည်သူတိုင်း ပါနိုင်တယ်ဆို တာက အကြမ်းမဖက်နိုင်ငံ‌ရေးဟာ ပြည်သူတိုင်း ပါဝင်နိုင်တဲ့ နိုင်ငံရေး။ အဲဒီနိုင်ငံရေး အာမခံချက်ရှိ‌အောင် အား ကောင်းလာအောင် ကျနော်တို့ကတော့ နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်၊ ဒီကာလမှာ အမြင်မကြည်တာတွေ ဆဲဆိုဝေဖန်တာတွေကို ကျ‌နော်တို့ ကြံ့ကြံ့ခံပြီး ဆောင်ရွက်နေတယ်ဆိုတာက တချိန်မှာ ပြည်သူတိုင်း ပါဝင်နိုင်တဲ့ နိုင်ငံရေး ပုံသဏ္ဍာန် ပြန်ပေါ်လာအောင် နိုင်ငံရေးနည်းလမ်း အားကောင်းလာ အောင် ကျနော်တို့က ကျားကုတ်ကျားခဲ ဆောင်ရွက်နေရတဲ့အပေါ်မှာ ပြည်သူတိုင်းကလည်း ခေါင်းအေးအေးနဲ့ သေချာစဉ်းစားပြီးတော့ ကျနော်တို့ ပံ့ပိုးကူညီကြစေချင်တယ်၊ ပူးပေါင်းပါဝင်ကြစေချင်တယ်၊ နိုင်ငံရေး နည်း လမ်း ကတော့ နောက်ဆုံးမှာ ဒီနည်းလမ်းနဲ့ပဲ ကျနော်တို့က ဖြေရှင်းရမှာပဲလို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

ဦးကိုကိုကြီးကိုတွေ့ရစဉ်

၂၀၂၁ ခုနှစ်‌၊ ဖေဖော်ဝါရီ ၁ ရက် တပ်မ‌တော်က အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုများနှင့်အတူ လက်နက် ကိုင် တော်လှန်ရေးကို ဆင်နွှဲလျက်ရှိသည်။

လက်နက်ကိုင် တိုက်ပွဲတွင် လူထုအားလုံး မပါဝင်ဟု ဆိုသည်မှာ သဘောသဘာဝအရ မှန်ကန်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ သပိတ်မှောက်ရန် ကြွေးကြော်လိုက်သည်နှင့် တပြိုင်နက် ပြည်သူလူထု အားလုံး ပူးပေါင်းပါဝင်ကြောင်း နိုင်ငံ‌ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီတောင်းဆိုကြသူများကိုတွေ့ရစဉ် (ဖရွန်းတီးယားမြန်မာ)

၎င်းက “လက်နက်ကိုင်တိုက်ပွဲမှာ လူထုအားလုံး မပါဝင်ဘူးဆိုတာတော့ ဒါကတော့ သဘောသဘာဝအရ မှန်ပါ တယ်။ ပြည်သူလူထုဆိုတဲ့ အထဲမှာ အစိတ်အပိုင်း အမျိုးမျိုး ရှိပါတယ်။ ၁၀ ရာခိုင်နှုန်း လောက်ကတော့ စစ်ကောင်စီနဲ့ အာဏာရထားတဲ့ အင်အားစုနဲ့ ပူးပေါင်းတာရှိသလို ၁၀ ရာခိုင်နှုန်းလောက်ကတော့ ဖာသိဖာသာ ကိုယ့်ဟာကိုယ် ရပ်တည်နေကြတာ ဖြစ်ပါတယ်။ ဖာသိဖာသာ ရပ်တည်နေတယ်ဆိုတာ‌တောင် စိတ်ဓါတ်အရ ထောက်ခံမှုတွေ ဘယ်လောက် ရှိတယ်ဆိုတာတောင် အခု NUG ကနေပြီးတော့ သပိတ်မှောက် ကန့်ကွက်ဖို့ ကြွေးကြော်သံ ထုတ်လိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီနေ့မှာ တပြည်လုံး တံခါးပိတ် သပိတ်မှောက်ပြီးတော့ ရတဲ့ နည်းနဲ့ တုံ့ပြန် ဆန့်ကျင်နေတဲ့ အခြေအနေက ပြည်သူရဲ့ စိတ်ဓါတ်ကို ဖော်ပြနေတာ။ အဲဒီတော့ ပြည်သူတစ်ရပ် လုံး မပါဝင်နိုင်ဘူးဆိုတာနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှု မရှိတော့ဘူးဆိုတာ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ စီးပွား ရေး၊ လူမှုစီးပွားရေး ဘဝအနေအထား အသက်အရွယ် နောက် နိုင်ငံရေး သဘောပေါက်မှု အပေါ်မှာ မူတည်ပြီး တော့ အများတကာ အများစုက ဒီလှုပ်ရှားမှုကို တတ်နိုင်တဲ့ ဘက်ကနေပြီးတော့ ကျနော်တို့ ပါဝင်ဆောင်ရွက် နေတာ ပြည်တွင်းရော၊ ပြည်ပရော ဒါက အားလုံးတွေ့နိုင်ကြပါတယ်” ဟု ပြောသည်။

ကယားပြည်နယ်အတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့(KNDF)

နစကကို ထောက်ခံသည့် လူအချို့၏ လှုပ်ရှားမှုကို ကြည့်ကာ ပြည်သူအားလုံး မပါဝင်ဟု ပြောဆိုမှုမှာ မမှန်ကန် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

လက်ရှိ တိုင်းပြည်တွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်း‌ရေးထက် လက်နက်ကိုင် နည်းလမ်း ဖြင့် ဖြေရှင်းရေးမှာ အားကောင်းနေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ထို့နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် ဒေသကာကွယ်ရေးတပ် (PDF)တို့ ပူးပေါင်း၍ တပ်မတော်နှင့် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ တိုက်ပွဲများကြားတွင် နေအိမ်ပေါင်း ၂၀၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး လူဦးရေ ၁ သန်းကျော် နေရပ် စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။