- By CNI
- Category: လူမှုဘဝ
- Hits: 343
CNI International News
ဘဂ္ဂဒက်၊ စက်တင်ဘာ ၂၉
အီရတ်နိုင်ငံမြောက်ပိုင်း နင်နီဗီ (Nineveh) ပြည်နယ်တွင် မင်္ဂလာဧည့်ခံပွဲတစ်ခု၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ သဖြင့် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထို့နောက် စက်တင်ဘာ ၂၈ ရက်နေ့တွင် သေဆုံးသူများအတွက် ဈာပနအခမ်းအနားများ ပြုလုပ်ခဲ့သည်။
စက်တင်ဘာ ၂၆ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် သေဆုံးသွားခဲ့သူများအတွက် ဝတ်ပြု ဆုတောင်းရန် နင်နီဗီပြည်နယ်၏ အယ်လ် ဟမ်ဒါနီယာ (al-Hamdaniyah)ခရိုင်ရှိ Syriac Catholic Church of the Immaculate Conception ဘုရားကျောင်းတွင် စက်တင်ဘာ ၂၈ ရက်က ရာနှင့်ချီသည့်လူများ စုရုံးခဲ့ကြသည်။
အီရတ်မှာ မင်္ဂလာဆောင် မီးလောင်မှု ခန်းမကိုတွေ့ရစဉ်
မီးလောင်ကျွမ်းမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည့် အီရတ်ဝန်ကြီးချုပ် မိုဟာမက် ရှီယာ အယ် ဆူဒါနီ (Mohammed Shia al-Sudani) သည် မီးလောင်ကျွမ်းခဲ့သောနေရာကို လေ့လာကြည့်ရှုရန်နှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့် တွေ့ဆုံရန် အယ်လ် ဟမ်ဒါနီယာခရိုင်သို့ စက်တင်ဘာ ၂၈ ရက်တွင် လာရောက် ခဲ့သည်။
မီးလောင်မှုဖြစ်ပွားပြီး ၂၄ နာရီ မပြည့်မီ အချိန်အတွင်းမှာပင် အယ်လ် ဟမ်ဒါနီယာ ခရိုင်တွင် သေဆုံးသူအချို့ကို စက်တင်ဘာ ၂၇ ရက်က မြှုပ်နှံသဂြိုဟ်ခဲ့သည်။
သေဆုံးသူများ၏ ဆွေမျိုးများနှင့် မိတ်ဆွေများသည် အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ခဲ့ပြီး အခေါင်းများကို သယ်ဆောင်ခဲ့ကြကာ အခြားမိသားစုဝင်များက ဝမ်းနည်းပူဆွေး၍ ငိုကြွေးခဲ့ကြသည်။
"တစ်မြို့လုံး ပူဆွေးသောက ရောက်ခဲ့ကြရပါတယ်။ မြို့လေးဟာ မင်္ဂလာကနေ အမင်္ဂလာအဖြစ် ပြောင်းလဲသွားခဲ့ ပါတယ်" ဟု ဈာပနအခမ်းအနားကို တက်ရောက်ခဲ့သည့် မီးလောင်မှုတွင် အသက်ရှင် ကျန်ရစ်သူ တစ်ဦးဖြစ်သည့် ဖာတန် ယူဆက် (Faten Youssef) က ပြောကြားခဲ့သည်။
အီရတ်မှာ မင်္ဂလာဆောင် မီးလောင် သေဆုံးသူများ အလောင်းကိုသယ်နေကြစဉ်
သူနှင့် သူ့မိသားစုသည် နောင်အခါတွင် မင်္ဂလာပွဲများကို မည်သည့်အခါမျှ တက်ရောက်တော့မည် မဟုတ်ကြောင်း လည်း ကတိပြုခဲ့ကြသည်ဟု ဆိုသည်။
"ကျမသားက ကျမကို ပြောတယ်။ သူမင်္ဂလာဆောင်ဖြစ်ရင် ဒီလို အခမ်းအနားမျိုးနဲ့ ကြီးကြီးကျယ်ကျယ် လုပ်မှာ မဟုတ်တဲ့ အကြောင်းနဲ့ ဘုရားကျောင်းမှာပဲ အကျဉ်းချုံး ပြုလုပ်သွားမယ်လို့ သူက ပြောပါတယ်" ဟု ယူဆက်က ပြောကြားခဲ့သည်။
နောက်ထပ် ဈာပန အခမ်းအနားများကို လာမည့် ရက်ပိုင်းများအတွင်း ဆက်လက် ပြုလုပ်မည်ဖြစ်ပြီး သေဆုံးသူ အချို့သည် မီးလောင်ကျွမ်းခံခဲ့ရသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိရှိရန် ခက်ခဲသည်ဟု စုံစမ်းစစ်ဆေး သူများက ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: လူမှုဘဝ
- Hits: 412
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၉
နေပြည်တော်နယ်မြေတွင် တည်ထားသည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား လာရောက် ဖူးမြော်ကြသည့် ဘုရားဖူးများကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (သြဂုတ် ၁၉ ရက်)တွင် တွေ့ဆုံ စကားများ ပြောခဲ့သည်ဟု ဘုရားဖူးပြည်သူများက ပြောသည်။
ပြည်သူလူထုကြားမှာတော့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖူးမြော်နိုင်ရေးအတွက် ဝင်ကြေး ကောက်ခံမှု နှုန်းထားများသည် များပြားသည့်အတွက် ဝေဖန်ထောက်ပြမှုများ ရှိနေသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အချို့နိုင်ငံများရှိ ဘုရားများ၌လည်း ဝင်ကြေးများပေးဆောင်၍ ဝင်ကြရခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သာမန်ပြည်သူများ ဖူးမြော်နိုင်သည့် သတ်မှတ်နှုန်းထားများကိုသာ သတ်မှတ်ပေး ထားခြင်းဖြစ်သည်”ဟု ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၉ ရက်နေ့တွင် ပြောသည်။
ယနေ့ (သြဂုတ် ၁၉ ရက်)တွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ၁ သိန်းကျော် လာရောက် ဖူးမြော်ကြကြောင်း၊ မာရဝိဇယ ဘုရားကြီး အခမဲ့ ဖူးမြော်ခွင့်ကို စက်တင်ဘာ ၃ ရက်နေ့အထိ နံနက် ၆ နာရီမှ ည ၈ နာရီထိ ဖွင့်လှစ် ပေးထားမည်ဖြစ်ကြောင်း နစက-က ထုတ်ပြန်ကြေညာခဲ့သည်။
အခမဲ့ ဖူးမြော်ခွင့် ကာလကုန်ဆုံးပါက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖူးမြော်ခွင့် ဝင်ကြေးအနေဖြင့် ကလေး- လူကြီး တစ်ဦးလျှင် ၁၀၀၀ ကျပ်၊ နိုင်ငံခြားသား တစ်ဦးလျှင် ၁၀ ဒေါ်လာ၊ အပျော်တမ်းကင်မရာ ၅၀၀၀ ကျပ်၊ ကားတစ်စီး ၂၀၀၀၀ ကျပ်၊ Video ကင်မရာ ၅၀၀၀၀ ကျပ် စသဖြင့် ကောက်ခံသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 737
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၈
ဗုဒ္ဓဘာသာ၊ သာသနာတော်နှင့် သံဃာတော်များအပေါ် အထင်အမြင်လွဲမှားစေရန် ဖန်တီးပုံဖော်ထားသည်ဟု ဆိုကာ “ဘာမှမမျှော်လင့်ပါနဲ့ (Don’t expect anything)”အမည်ရှိ ဇာတ်လမ်းတို တစ်ခုကို ရိုက်ကူး သရုပ် ဆောင်ခဲ့သူ ၁၄ ဦးအား ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄ ရက်က Isi Dhamma Youtube Channel နှင့် TikTok တို့တွင် “ ဘာမှမမျှော်လင့်ပါနဲ့ (Don’t expect anything)” အမည်ရှိ ဇာတ်လမ်းတို တစ်ခုကို လွှင့်တင်လာခဲ့သည်။
ဘာမှမမျှော်လင့်ပါနဲ့ ဇာတ်လမ်းတိုးထဲက ဇာတ်၀င်ခန်းတစ်ခုကိုတွေ့ရစဉ်
ထိုဇာတ်လမ်းတွင် အမျိုးသမီးငယ်တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများကို ထိခိုက် ညှိနွမ်းစေပြီး ရဟန်းသံဃာတော်များ၏ အကျင့်သီလအား ပုတ်ခတ်စော်ကားသော အပြောအဆိုနှင့် ရိုင်းပျသည့် စကားလုံး အသုံးအနှုန်းများ ထည့်သွင်း ပြောဆိုသွားခဲ့ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဇာတ်လမ်းတွင် ပါဝင်ခဲ့သူများဖြစ်သည့် ဇာတ်ညွန်း၊ ဒါရိုက်တာဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer နှင့် သရုပ်ဆောင်များဖြစ်သော ဆန်းဝင်း(ခ)ဦးဇာနိန္ဒ၊ ယွန်းအိခင်(ခ) ယွန်းယွန်း၊ ဇာနည်ဦး၊ ဝင်းမိုး၊ ကျော်သက်ထွေး(ခ)ဖိုးထူး၊ ရဲလင်းထွန်း(ခ)ကိုရဲ၊ ချမ်းချမ်းမေ(ခ) ခင်ရူပါရှင်းသန့်၊ ရွှေရည်ဝင်း(ခ)ကဲကဲ၊ ကောင်းစံထွန်း(ခ)ကြယ်စင်၊ မိုးပြည့်ပြည့်သူ(ခ)ဂျူးဂျူးစံ၊ ခါတော်မီ(ခ)ခါခါ၊ ဖြိုးမောင်မောင်(ခ)ဂျိုးဆက်သွင်၊ ဉာဏ်လင်းဖြိုး(ခ) ဘရိုင်ယန်တို့ ၁၄ ဦးကို သြဂုတ် ၈ ရက်နေ့၌ ဖမ်းဆီးခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက-က သတင်းထုတ်ပြန်ထားသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 493
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၅
နေပြည်တော်မှာ တည်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအတွင်းသို့ ဝင်ရောက်ဖူးမြော်ကြည်ညိုခွင့် အတွက် လူတစ်ဦးလျှင် ၁၀၀၀ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ်လာ သတ်မှတ်ကြောင်း သိရသည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်နိုင်ရန်အတွက် သြဂုတ် ၁၇ ရက်မှ ၁၉ ရက်အထိ အခမဲ့ဖွင့်လှစ် ပေးမည်ဖြစ်ပြီး သြဂုတ် ၂၀ ရက်နေ့ နောက်ပိုင်းတွင် ပြည်တွင်းမှ လူတစ်ဦးလျှင် ၁၀၀၀ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ်လာ ကောက်ခံမည်ဖြစ်သည်။
ထို့အပြင် အပျော်ရိုက်ကင်မရာ(ဖုန်း/ကင်မရာ) ၅၀၀၀ ကျပ်၊ အလှဓာတ်ပုံရိုက်/Video အပါ (နာရီဝက်ပိုတိုင်း- ၅၀၀၀ ကျပ်) ၅၀၀၀၀ ကျပ်၊ ယာဉ်ဝင်ခွင့်(၁)စီးလျှင်(Car Parking အထိ) ၂၀၀၀၀ ကျပ်၊ Buggy ၁ စီးလျှင် (၄ ယောက်စီး) ၁ နာရီ ၁၀၀၀၀ ကျပ် စသဖြင့်လည်း သတ်မှတ် ကောက်ခံမည်ဖြစ်ကြောင်း နစက-က ထုတ်ပြန်ခဲ့ သည်။
ထိုသို့ ဝင်ကြေးကောက်ခံရခြင်းမှာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုသိုလ်တော်ဖြစ် ပါဝင်နိုင်ရေးအတွက် သတ်မှတ်ကောက်ခံခြင်း ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: လူမှုဘဝ
- Hits: 336
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၅
မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အရေးကြီး/အရေးပေါ်၊ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များဖြင့် ပြည်ပသို့ အချိန်မီ သွားရောက်ရန် လိုအပ်သူများအတွက် ခိုင်လုံသော အထောက်အထားများနှင့်အတူ Green Channel ဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။
ပွဲစားများသည် လူမှုကွန်ရက် မီဒီယာပေါ်တွင် အဆမတန် ငွေကြေးများ ပိုမိုတောင်းခံ၍ လိမ်လည် ဆောင်ရွက် ခြင်းများ တွေ့ရှိရ၍ ပြည်သူများအနေဖြင့် လိမ်လည်မှုမခံရစေရေး သတိပြုသွားကြရန်လိုအပ်သည်ဟု ထုတ်ပြန် ချက်တွင် သတိပေးထားသည်။
ထို့ကြောင့် Green Channel ဖြင့် လျှောက်ထားသူများသည် www.passport.gov.mm Website တွင် ကြေညာထားသည့်အတိုင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၊ ရုံးအမှတ်(၃၈) နေပြည်တော် (ဖုန်း ၀၆၇-၃၄၁၁၅၈၀) လိပ်မူပြီး လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: လူမှုဘဝ
- Hits: 564
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၈
နေပြည်တော်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ပြည်သူများသည် ယနေ့ (သြဂုတ် ၈ ရက်)တွင် လာရောက် ဖူးမြော်ကြသည်ကို တွေ့ရသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 313
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၉
မြန်မာနိုင်ငံတွင်လက်ရှိ ဖြစ်ပေါ်နေသည့် ကုန်စျေးနှုန်းအဆမတန်မြင့်တက်လာခြင်းကြောင့် စားဝတ်နေရေး ကျပ်တည်းမှုသည် ပြည်သူများအတွက် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုရှိသည်ဟု အိမ်ထောင်သည် အမျိုးသမီးများနှင့် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ကိုင်သူများက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် တရိပ်ရိပ်ဖြင့် မြင့်တက်လာသည့် ကုန်စျေးနှုန်းသည် ယခုကာလအတွင်း ပိုမိုမြင့်တက်လာသည့်အတွက် ဝင်ငွေနှင့် ထွက်ငွေ မမျှတသည့် အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်သန်းယိုင်စိန်က CNI သတင်းဌာနကို ပြောသည်။
"အလုပ်လုပ်တာနဲ့ ရတဲ့ပိုက်ဆံနဲ့ စျေးကြီးတာနဲ့လိုက်မမီ။ အရီးတို့တစ်ယောက်တည်း မဟုတ်ဘူး။ လူတိုင်းစိတ်ညစ်တာပေါ့။ စိတ်ပင်ပန်းတယ်။ စိတ်ပင်ပန်းတာပဲ အဖတ်တင်တယ်။ ဘာမှ ထွေထွေ ထူးထူး ရှိလာမှာ မဟုတ်ဘူး။ ကုန်စျေးနှုန်းက မတက်စေချင်ဘူး။ ကျစေချင်တယ်။ အကုန်လုံးပဲ။ ဆင်းရဲ သူ ဆင်းရဲသားတွေ ဒုက္ခရောက်ကြတယ်။ သူခိုးတွေများတယ်။ လုယက်မှုတွေ များတယ်။ ဒီ့ထက် ကုန်စျေးနှုန်း တက်လို့ရှိရင် ပိုဆိုးမှာပေါ့။ တခါတလေ အဲ့လိုစိတ်တွေ ရှုပ်ရှက်ခတ်နေတယ်" ဟု ပြော သည်။
ယခုလိုကုန်စျေးနှုန်းများ မြင့်တက်လာမှုကြောင့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များမှာ လည်း အခက်အခဲရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စဥ့်ဘိုမြို့နယ်မှ မြေအိုး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်စန္ဒာက CNI သို့ ပြောသည်။
"နှစ်သောင်းတန် ပေါ်မယ်ဆိုကတည်းက ဈေးတွေ တက်သွားတယ်။ စိတ်ဓာတ်တောင်ကျတယ်။ လုပ် တောင်လုပ်မစားချင်တော့ဘူး။ ဒါပေမယ့်မဖြစ်ဘူးလေ။ စျေးကလည်းတက်လို့မရဘူး။ စားကုန် မဟုတ် တော့ မတင်ရဲဘူး။ခု အလုပ်သမားတွေအတွက် ဘယ်လိုလုပ်ပေးရမလဲတောင် မသိတော့ဘူး။ သူတို့ကို တစ်ရက်ကို ၅ ထောင်ပေးတယ်။ ပင်ပန်းတဲ့နေ့ဆို ၇ ထောင်ပေးတယ်။ သူတို့ကိုလည်း ပေးချင်တယ် ဒါပေမယ့် မပေးနိုင်သေးဘူး။တစ်ခါတစ်လေ သူတို့ထမင်းချိုင့်ထည့်လာရင် ဘာပါလဲဆိုလို့ရှိရင် ကန်စွန်းရွက်ချဥ်ဟင်းနဲ့ငံပြာရည်ကြော် နှစ်မျိုးထဲ။ အသားငါးမပါဘူး။ စိတ်တောင်မကောင်းဘူး" ဟု ပြောသည်။
ရန်ကုန်မြို့ရှိ လမ်းဘေး ဂျာနယ်ရောင်းသူများကိုတွေ့ရစဉ်(ဓါတ်ပုံ-CNI)
ဒါ့အပြင် ယခုလို ကုန်စျေးနှုန်းမြင့်တက်နေမှုနှင့်အတူ စားဝတ်နေရေးကျပ်တည်းလာမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းလာနိုင်ပြီး သေကြောင်းကြံစည်လာနိုင်သည်အထိ ဖြစ်လာနိုင်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနကိုပြောသည်။
"လူကထွက်ပေါက်မရှိရင် ဘာတွေဖြစ်လာမလဲ။ ဖြစ်ချင်ရာတွေဖြစ်လာတော့မယ်ပေါ့နော်။ နောက်ဆုံး သေကြောင်းကြံစည်တဲ့အထိပါ ဖြစ်လာနိုင်တဲ့ဟာလည်း အများကြီးဖြစ်လာနိုင်တယ်" ၎င်းက ပြောသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဇူလိုင်လ ၂၃ ရက်နေ့တွင် နှစ်သောင်းတန် ငွေစက္ကူကို အကန့်အသတ်ဖြင့် ထုတ်မည်ဟု ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးသည့်နောက်တွင် အခြေခံစားသောက်ကုန်၊ လူသုံးကုန်နှင့် စက်သုံးဆီ၊ ရွှေစျေး၊ ဒေါ်လာစျေးများလည်း မြင့်တက်လာပြီး အခြေခံလူတန်းစားများသာမက တနိုင် တပိုင် စီးပွားရေးလုပ်ကိုင်နေသည့် လုပ်ငန်းများပါ ထိခိုက်လာကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
လက်ရှိတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်စျေးနှုန်းမှာ ယခင်ကရွှေဘို ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ငွေကျပ် ၉၅၀၀၀(ကိုးသောင်းငါးထောင်)မှ ယခု ငွေကျပ် ၁၀၀၀၀၀ (တစ်သိန်း) ကျော်အထိလည်းကောင်း၊ စားအုန်းဆီစျေး တစ်ပိဿာလျှင် ငွေကျပ် ၈၄၀၀ (ရှစ်ထောင့်လေးရာ)မှ ယခုအခါ ငွေကျပ် ၁၃၀၀၀(တစ်သောင်းသုံးထောင်)ကျော်အထိ လည်းကောင်း မြင့်တက်သွားကြောင်း သိရသည်။
စားဝတ်နေရေးကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာအစိုးရနှင့်ဌာနဆိုင်ရာများက ကုန်ဈေးနှုန်း မြင့်တက်စေရန် ဈေးကစားသူများကို လက်တွေ့တွင် ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သင့် ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 357
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းသင့် ပြည်သူထက်ဝက်ခန့်သည် အမိုးအကာအောက်သို့ မရောက် ကြသေးကြောင်း ရခိုင်လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် အများအပြား ပျက်စီး ထိခိုက်ခဲ့သည်။
ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက “ စာသင်ကျောင်း တစ်ချို့နဲ့ လျှပ်စစ်မီးတစ်ချို့ ပြုပြင်တာတွေ့ရ တယ်။ ဒါပေမယ့် ကျမတို့မှာ အဲ့ဒါကို ပြန်လည် ပြုပြင်ရမယ်ဆိုရင် ကာလတစ်ခုလောက်တော့ အချိန်ယူရမယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ ကျမတို့က အခုလုပ်လို့ အခုဖြစ်မယ့်ကိစ္စ မဟုတ်ဘူးလေ။ တစ်ချို့ဆို ဒီကနေ့ထိ အမိုးရိပ် အကာရိပ် အောက်ကို မရောက်တဲ့ အသိုင်းအဝိုင်းတွေက အများကြီး ရှိနေသေးတယ်။ အပွင့်လင်းဆုံး ပြောလိုက်မယ် ဒီကနေ့ထိ အမိုးအကာအောက်ကို မရောက်တဲ့ သူတွေ အများကြီးရှိသေးတယ်။ ကျမ ပြောမယ်ဆို လို့ရင်ပေါ့နော်။ ရာခိုင်နှုန်းလောက် ပြောမယ်ဆိုလို့ရှိရင် တစ်ချို့တတ်နိုင်တဲ့လူက လုပ်တယ်။ ဒါပေမယ့် မတတ် နိုင်တဲ့လူကတော့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်ကတော့ အမိုးရိပ်အကာရိပ်အောက်ကို လုံးလုံး မရောက်ကြ သေးတာကို တွေ့နေရဆဲပဲ တွေ့ရအုံးမယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
နစကသည် ရခိုင်မုန်တိုင်းသင့် ပြည်သူများ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကျပ်သန်းပေါင်း ၇၀၀ လှူဒါန်းထားသလို စားနပ်ရိက္ခာများ၊ အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးနေသလို ပျက်စီးသွားသည့် လမ်းတံတားများ၊ နေအိမ်များ၊ အဆောက်အဦများ၊ ဆက်သွယ်ရေးတာဝါတိုင်များ၊ လမ်းမီး တိုင်များ ပြန်လည် တည်ဆောက်ပေးလျက်ရှိသည်။
ရခိုင်မုန်တိုင်းသင့် ပြည်သူများအတွက် နစက-က ထောက်ပံ့ရေးပစ္စည်းများပို့နေစဉ်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာက ဦးသာထွန်းစိန်က “ကူညီထောက်ပံ့တာကတော့ အိမ်ထောင် တစ်အိမ်ထောင်(အိမ်ထောင်စုတစ်စု)ကို သံဖြူ(သွပ်) လေးချပ်နဲ့တစ်ပိုင်း(တစ်ဝက်) စီရတယ်။ နောက်တစ်ခုက စပါးမျိုးစေ့က တစ်ယောက် တစ်တောင်းစီ ရတယ်။ တစ်ဆယ့်နှစ်သစ်(ခြောက်ပြည်)လောက် ရတယ်။ အခြေအနေကတော့ ဘယ်လိုဆိုမှာလဲ ကိုယ့်ဟာကိုယ် ကိုယ်ထူကိုယ်ထ လုပ်ထားတော့ အမိုးအကာ တော့ လုံနေပြီ။ ထောက်ပံ့တာက စစ်ကောင်စီက ဆန်အိတ် သုံးဆယ်ပေးတယ်။ အိမ်ထောင်စု ၁၈၀ အတွက်”ဟု ပြောသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဘက်မှာတော့ အစိုးရမဟုတ်သည့် INGO/NGO အဖွဲ့တစ်ချို့မှ ကူညီထောက်ပံ့မှုသာ ရှိကြောင်း မြောက်ဦးမြို့နယ် စင်ဘောကိုင်းတိုက်ပွဲရှောင်စခန်းမှ ကိုညီပုက CNI သတင်းဌာနသို့ပြောသည်။
ကိုညီပုက “မုန်တိုင်းပြီးလို့ အခြေအနေကတော့ ပုံမှန်ပါပဲ။ စားဝတ်နေရေး ခက်ခဲတယ်။ အလုပ်အကိုင် ရှားပါး တယ်။ ကယ်ဆယ်ရေးပစ္စည်းတွေကတော့ လုံလုံလောက်လောက် မရှိဘူး။ ဒါပေမယ့် ICRC က တာလပတ်တွေ ဝါးတွေပေးတာတော့ ရှိတယ်။ စားဝတ်နေရေးကတော့ လစဥ်ကြေးကတော့ WFP က လူတစ်ယောက်ကို ၂၁၀၀၀ နှုန်းစီ ထောက်ပံ့ပါတယ်”ဟု ပြောသည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ရခိုင်ပြည်နယ်ကောင်စီ၏ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်သော်လည်း အဆက်အသွယ် မရသေးပေ။
ရခိုင်မုန်တိုင်းသင့် အခြေအနေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက် ကြည့်ရှုစစ်ဆေးနေစဉ်
ရခိုင်မုန်တိုင်းသင့် ဒေသခံများကို ကူညီပေးနေသော AA ဘက်ကလည်း နှစ်လတာ ကာလအတွင်း မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များ ၇၅ ရာခိုင်နှုန်းအထက်မှာ အမိုးအကာအောက် ရောက်ရှိသွားပြီ ဖြစ်ကြောင်း၊ မရောက်ရှိဘဲ ကျန်ရှိနေသေးသည့် ပြည်သူများအတွက် အမြန်ဆုံး ရောက်ရှိနိုင်ရေး ဆောင်ရွက်နေကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
နစကဘက်ကလည်း မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည့် ရခိုင်မုန်တိုင်းသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ် တာဝန်ပေးထားကြောင်း ဇူလိုင် ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။