- By CNI
- Category: လူမှုဘဝ
- Hits: 478
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄
ဗေဒင်နှင့် အကြားအမြင်ဟောတမ်း ထုတ်ခွင့်လိုင်စင် လျှောက်ထားရမည်ဟု ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့က သာသနာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်ဆိုသော သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီဌာနက ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် သာသနာရေးဝန်ကြီးဌာနဟု သုံးနှုန်းထားကြောင်း၊ နစက လက်ထပ်တွင် သာသနာရေး ဝန်ကြီးဌာနမရှိကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသာ ရှိကြောင်း၊ ထုတ်ပြန်ချက်သည် သတင်း အမှားသာ ဖြစ်ကြောင်း သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန(နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက " ညီမတို့ဌာနမှာ အမြဲတမ်း အတွင်းဝန်လည်း မရှိပါဘူး။ နောက်တစ်ခုက letter head ကလည်း သာသနာရေး ဖြစ်နေပါတယ်။ သာသနာရေးနှင့်ယဥ်ကျေးမှုဌာနဆိုမှ မှန်ပါတယ်။ နောက် အဲ့စာမှာ လက်မှတ်လည်း ပါမနေဘူး။ အမြဲတမ်း အတွင်းဝန်ဆိုတဲ့ နာမည်ကိုလည်း မသိရပါ။ သူ့ကိုလည်း မသိပါဘူးရှင့်။ သာသနာရေးဝန်ကြီးဆိုတာ မရှိဘူး ရှင့်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပဲ ရှိပါတယ်ရှင့်။ အမြဲတမ်းအတွင်းဝန်က တစ်ယောက်ပဲ ရှိပါတယ်"ဟု ပြောသည်။
ဗေဒင်နဲ့အကြားအမြင်ဟောတမ်း လိုင်စင်တင်ရမယ်ဆိုတဲ့ ထုတ်ပြန်ချက်အတုကိုတွေ့ရစဉ်
သတင်းအမှား ထုတ်လွှင့်ခဲ့သော ထုတ်ပြန်ချက်တွင် ဗေဒင်နှင့်အကြားအမြင် ဟောတမ်းထုတ်သူ အားလုံးသည် သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၌ ဗေဒင်နှင့်အကြားအမြင် ဟောတမ်း ထုတ်ခွင့်လိုင်စင် ပုံစံ-က၊ ပုံစံ-ခ၊ ပုံစံ-ဂနှင့် ပုံစံအထူးတို့ကို လျှောက်ထားရမည် ဖြစ်ကြောင်း ပါရှိသည်။
ထို့နောက် သက်ဆိုင်ရာ သာသနာရေးဦးစီးဌာနမှ ဗေဒင်နှင့်အကြားအမြင် ဟောတမ်းထုတ်ခွင့်လိုင်စင် တစ်မျိုးမျိုး မရရှိဘဲ အပိုဒ် (၁)ပါ အချက်များကို ကိုယ်တိုင်သော်လည်းကောင်း၊ လူမူကွန်ယက်နှင့် အခြားသော ဆက်သွယ်ရေး ကွန်ယက် တစ်ခုခုမှ သော်လည်းကောင်း ဆောင်ရွက်သည်ကို တွေ့ရှိပါက မြန်မာနိုင်ငံသာသနာပိုင် အက်ဥပဒေ အရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး(ကိုယ်စား)၊ အမြဲတမ်းအတွင်းဝန် အောင်ကျော်သူ ဆိုသည့် အမည်ဖြင့် ထုတ်ပြန်ထားသည်။
လမ်းဘေးက ဗေဒင်ဟောပြောသူကိုတွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် သတင်းအချက်အလက် အမှန်များ ရရှိမှု အားနည်းလာပြီး သတင်းအမှား- သတင်းအတု ယောင်များက လွှမ်းမိုးထားကြောင်း၊ သတင်းအချက်အလက် အမှန်-အမှားကို အောက်ခြေလူတန်းစားမှသည် ပညာရှင်လူတန်းစားအထိ အချက်အလက် စိစစ်မှုမလုပ်တော့ဘဲ ယုံချင်ပါက ယုံလိုက်ပြီး ၎င်းတို့ မယုံချင်ပါက အမှန်ဖြစ်သည့်တိုင် လက်မခံနိုင်ဘဲ ဖြစ်နေကြောင်း နိုင်ငံရေးသမားတချို့က ထောက်ပြသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 299
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရသော တိုက်ပွဲရှောင်များ ထဲမှ အမျိုးသမီးတချို့သည် သားဆက်ခြားနည်း ကျန်းမာရေး အသိအားနည်းနေသလို ၎င်းတို့အား နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ အသိပညာပေး မှုများလည်း အားနည်းကြောင်း တိုက်ပွဲရှောင် အမျိုးသမီးများက ပြောသည်။
တိုက်ပွဲရှောင်စခန်းများတွင် စားဝတ်နေရေးအပြင် အမျိုးသမီး ကျန်းမာရေးသုံး ပစ္စည်းများနှင့် ပတ်သက်၍လည်း အခက်အခဲကြုံနေရကြောင်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ တောင်မင်းကုလားတိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင် အမျိုးသမီးဖြစ်သူ မအေးခင်က ပြောသည်။
၎င်းက “အိမ်ထောင်သည်တွေ သုံးတဲ့ဟာနဲ့ ပတ်သက်ပြီး သူတို့က ပြောတော့ပြောတယ်။ အဲလိုမျိုး မသောက်ရဘူး၊ ဘာညာပေါ့နော်။ အဲလိုမျိုး ကလေးယူရင် အခက်အခဲတွေကြုံတယ် စားဝတ်နေရေး အဆင်မပြေ ဘူး အလုပ်တွေ မရှိဘူး။ အဲလိုမျိုးပြောတာတွေ ရှိတယ်။ အဲလိုမျိုး ဆေးတွေပေးတာတော့ မရှိဘူး။ အခက်အခဲ ကတော့ ရှိတယ်။ မဝယ်နိုင်လို့ ကလေးတွေက အပြင်မှာ ကတစ်နှစ်တောင် မပြည့်သေးဘူး ကိုယ်ဝန် တောင်ရှိနေပြီ။ ကိုယ်ဝန်က တော့ မွေးဖို့နေနေသာ(မွေးခါနီး) ဖြစ်နေပြီ။ မကယ်နိုင်တဲ့အဆင့်ပေါ့။ ကလေးတစ်ယောက်တစ်ယောက် ကလေး အမေကတော့ ကိုယ့်ကိုယ်ဝန်ကို ထိန်းသိမ်းရမှာလား။ ကလေး ခြောက်လ၊ ခုနှစ်လကို သူတို့က ထိန်းရမှာလား အဲလိုမျိုး အခက်အခဲတွေက ပေါင်းစုံပဲ။ ကျန်းမာရေး ဗဟုသုတလည်း အားနည်းတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် တိုက်ပွဲရှောင် စခန်းမှာနေထိုင်သည့် ကလေးနှင့် အမျိုးသမီးများအတွက် ကူညီပေးနိုင်သော အဖွဲ့အစည်း များအနေဖြင့် ကူညီပေးရန်လိုအပ်ကြောင်း မအေးခင်က ပြောသည်။
ရခိုင်ဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦးကိုတွေ့ရစဉ် (Frontier)
တိုက်ပွဲရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးအဖွဲ့အစည်းများ အနေဖြင့် တိုက်ပွဲရှောင်စခန်းများအား ကျန်းမာရေး အသိပညာပေးမှုများ ပြုလုပ်ပေးခဲ့မှုများရှိသော်လည်း ဗဟုသုတ အားနည်းနေဆဲဖြစ်ကြောင်း ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်ညိုအေးက “ဘာတွေ အခက်အခဲ ကြုံရလည်းဆိုတော့ နေရာတိုင်းမှာ ကျေးလက် ဆေးပေးခန်းတို့ ဘာတို့ ကတော့ အခုကတော့ အကုန်ပျက်သွားတယ်လေ။ မပျက်ခင်တုန်းကတောင်မှ ကျမတို့မှာ ကျေးလက် ဆေးပေး ခန်းတွေမှာ ဝန်ထမ်းအင်အား မရှိကြဘူး။ ဒါကလည်း ကျန်းမာရေး ဝန်ထမ်းတွေဘက်ကလည်း ချို့ယွင်းတယ်လို့ ပြောလို့ မရဘူးလေ။ သားဆက်ခြားနဲ့ ပတ်သက်လို့ကတော့လေ ကျန်းမာရေး ပညာပေးတာကတော့ ထိုက်သင့်တဲ့ အနေထားမှာတော့ ပေးနေကြတာပဲ။ ဒါပေမယ့် လုံလောက်မှု ရှိတယ်လို့တော့ ကျမတို့က ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ လိုက်မမှီနိုင်ကြဘူးလေ။ ပြီးတော့ သားဆက်ခြား အထောက်အကူပြု ဆိုတာကလည်း သေသေချာချာလေး သူတို့ကို ပညာပေး ဟောပြောပေးနိုင်မှပေါ့နော်။ ဒါတောင်မှ တချို့တွေက သိပ်နားမလည် ကြဘူးလေ။ ပြီးတော့ တချို့တွေကျတော့လည်း တားဆေးနဲ့ပတ်သက်လို့ ဘယ်လို သုံးဆောင်ရမလဲဆိုတာ သိ တော့ သိနေတယ်။ ဒါပေမယ့် သူတို့က အချိန်အခါကြောင့်လား ဒါမှမဟုတ် ဝမ်းရေးကြောင့်လားတော့ မသိဘူး။ ရက်ပျက်သွားတာမျိုးတွေနဲ့ ကြုံရလို့ရှိရင်တော့ အဲဒီအမျိုးသမီးဟာ သားဆက်ခြားဖို့ မလွယ်ကူလှတော့ဘူး။ အဲဒါ မျိုးတွေက တော်တော်များများ နေရာမှာ ကြားသိနေရပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အ၀င်ကိုတွေ့ရစဉ်
မြန်မာနိုင်ငံအတွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင် ကျန်းမာရေးပိုင်းနှင့် ပတ်သက်ပြီး ဗဟုသုတ အားနည်းသော ကြောင့် ဆေးဝါး အကူအညီများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများလည်း လိုအပ်နေကြောင်း တိုက်ပွဲရှောင်များ က ပြောသည်။
မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှ ဇွန်လအထိ သုံးလတာ ကာလအတွင်းမှာ အမျိုးသမီး ၁၀၀ ကျော်အထိ သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။
IDP Myanmar ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ၊ ဧပြီ ၂၅ ရက်အထိ လက်နက်ကိုင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာနေရသူ ၈၁၀,၈၈၉ ဦး ရှိလာကြောင်း၊ ထိုမတိုင်ခင် တိုက်ပွဲရှောင် အရေအတွက် ၄၉၇,၂၀၀ ဦး ရှိနေခြင်းကြောင်း၊ လက်ရှိတွင် စုစုပေါင်း တိုက်ပွဲရှောင်ဦးရေ ၁,၃၀၈,၀၈၉ ဦး ရှိလာ ကြောင်း သိရသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 473
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀
မေလ ၁၄ ရက်နေ့က တိုက်ခတ်သွားသော မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ပျက်စီးသွားသော တိုက်ပွဲ ရှောင်စခန်းများကို မိုးတွင်းကာလ မရောက်ခင် အချိန်မှီ ပြန်လည် တည်ဆောက်ပေးရန် လိုအပ်နေကြောင်း တိုက်ပွဲရှောင်များထံမှ သိရသည်။
လက်ရှိတွင် ဌာနဆိုင်ရာများနှင့် ကူညီပေးသူများက တိုက်ပွဲရှောင်စခန်းများမှာ အမိုးအကာတချို့ ထောက်ပံ့ပေးမှု များ ရှိသော်လည်း မိုးတွင်းပိုင်းရောက်ပါက အခက်အခဲတွေ့နိုင်ကြောင်း ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီတောင်တိုက်ပွဲရှောင်စခန်း တာဝန်ခံ ဦးဦးသာဇံက CNI သတင်းဌာနသို့ ပြောသည်။
ဦးဦးသာဇံက “ပျက်စီးသွားတဲ့ နေရာမှာ တဲလေးတွေ ပြန်ထိုးပြီးတော့ မိုးကာလေးတွေနဲ့ နေကြတယ်။ ဟိုးတုန်းက လောက် နေရထိုင်ရတာ မကောင်းတော့ ဘူးပေါ့။ ဟိုးတုန်းကတော့ ဓနိတွေနဲ့ သူ့ဟာသူ မိုးပြီးတော့။ ခုလောလော ဆယ်တော့ နည်းနည်းတော့ ဒုက္ခဖြစ်တာပေါ့။ မိုးကာတွေ ဘာတွေ ထောက်ပံ့တာမျိုး၊ သွပ်တွေ ဘာတွေ နည်း နည်း ပါးပါး ရတာမျိုးရှိတယ်။ နိုင်ငံတော်က ထောက်ပံ့တာတွေ ရှိတယ်။ ပုဂ္ဂလိက အဖွဲ့အစည်းတွေ ရန်ကုန်က လာတဲ့ အဖွဲ့အစည်းတွေပေါ့။
အထောက်အပံ့လေးတွေက သင့်တင့်မျှတစွာတော့ ရတယ်။ လုံလောက် တယ်လို့ တော့ မရှိဘူးပေါ့။ မိုးရွာရင်တော့ ဒုက္ခဖြစ်တာပေါ့။ မိုးများတဲ့ ဒေသမှာ။ ဟိုတုန်းကလောက်တော့ ဘယ်နေလို့ ရမှာ တုန်း။ ပလပ်စတစ် မိုးကာတွေက မိုးနည်းနည်းဖောက်တယ်။ ဘေးက ထရံတွေဆိုရင်လည်း မိုးကာပဲ ကာရတာ ပေါ့”ဟု ပြောသည်။
မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ်ကူညီရေး တပ်မတော်က ဆောင်ရွက်နေစဉ်
တိုက်ပွဲရှောင်များအတွက် အိမ်ထောင်စု တစ်စုကို အမိုးအကာ(တာလပတ်ချာ)တစ်ခုစီသာ ထောက်ပံ့မှုရသည့် အတွက် အမိုးမလုံဘဲ ဖြစ်နေကြောင်း၊ ထို့ကြောင့် ဖြစ်သလို နေထိုင်နေကြရကြောင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ နယ် ဗုဒ္ဓဝိဟာရ ဘုန်းတော်ကြီး တိုက်ပွဲရှောင်စခန်းက မဦးမေသိန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြန်ပြီး ပြုပြင်ပေးတာမျိုးတော့ မရှိဘူး။ ကိုယ့်ဟာကိုပဲ ပြုပြင်ပြီးတော့ ဖြစ်သလို အဲလိုပဲ နေရတယ်။ ပြန် လည် တည်ဆောက်ဖို့တွက် အထောက်အပံ့ဆိုလို့ တာလပတ် တစ်ခုပဲ ပေးတယ်။ ကျန်တဲ့ဟာကတော့ ပျက်စီး သွားတဲ့ နေရာက ရှာဖွေပြီးတော့ မလုံလောက်တာတွေကို ဖြစ်သလို ပြန်ခံပြီးတော့ လုပ်ပြီးတော့ နေရတာပဲ။ တာလပတ် တစ်ခုထဲပေးတော့ မိသားစုအတွက် ဘယ်လိုမှ မလုံလောက်ဘူး။ အမိုးတွေ မလုံဘူး။ အကာတွေ မလုံဘူး။ အကုန်လုံး ပျက်စီးသွားတာကို။ ဖြစ်သလို နေရတာပဲပေါ့။ အစိုးရဘက်က ထောက်ပံ့တာမျိုး မရှိဘူး။ စားဖို့သောက်ဖို့ကတော့ WFP က လူတစ်ယောက်ကို တစ်လစာ ဆန်လာပေးတာမျိုးရှိတယ်။ အဓိကတော့ နေမယ့် နေရာပေါ့။ စားဖို့ မရှိရင်တောင်မှ ရေသောက်ပြီးတော့ ဆယ်ရက်လောက် နေလို့ရတယ်။ နေမယ့် နေရာ မရှိရင် ဘယ်လိုမှ အဆင်မပြေဘူး”ဟု ပြောသည်။
လက်ရှိတွင် ရခိုင်မှတိုက်ပွဲရှောင်တချို့သည် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော တဲအိမ်များကို ပြန်လည် ဆောက်လုပ်ရန် အမိုးအကာများ မလောက်ငှဘဲ ဖြစ်နေကြသလို ကုန်ဈေးနှုန်းများ တက်နေခြင်းကြောင့်လည်း စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရကြောင်း ကျောက်တော်မြို့နယ် ဝါးတောင်တိုက်ပွဲရှောင် စခန်း တာဝန်ခံ က CNI သတင်းဌာနသို့ ပြောသည်။
မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ်ကူညီရေး AA က အလှူငွေလက်ခံနေစဉ်
၎င်းက “အိမ်တွေထက် စားဝတ်နေရေးက ပိုအခက်အခဲ ကြုံရတယ်။ မုန်တိုင်း ပြီးနောက် ကုန်ဈေးနှုန်းတွေ တအားတက်တော့ လက်ရှိမှာတော့ ကျနော်တို့ ဒေသမှာ ဆန်တစ်အိတ်ကို သိန်းကျော်လောက် ဖြစ်သွားတယ်” ဟု ပြောသည်။
လက်ရှိ မိုခါကြောင့် ပျက်စီးသွားသည့် တိုက်ပွဲရှောင်စခန်း အရေအတွက်ကို စစ်တမ်းကောက်ယူထားခြင်း မရှိသေးသည့်အတွက် မည်မျှအရေအတွက် ပျက်စီးသွားသလဲနှင့် မည်မျှအကူအညီလိုအပ်နေကြောင်း မသိရ သေးဘူးဟု ရခိုင်အရပ်ဖက် အဖွဲ့အစည်းများက ပြောသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့အထိ နေရပ် မပြန်သေးဘဲ ကျန်နေသည့် တိုက်ပွဲရှောင် လူဦးရေ ၉၀၀၀၀ (ကိုးသောင်း)နီးပါးရှိကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့် ပြည်သူများ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် နစက-က ကျပ်သိန်းပေါင်း ၇၀၀၀၀(ခုနှစ်သောင်း) ထောက်ပံ့ပေးထားသလို စားနပ်ရိက္ခာများ၊ အိမ်ဆောက် ပစ္စည်းများ၊ ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိသည်။
အလားတူ ရက္ခိုင့်တပ်တော်(AA)ကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 311
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄
ရခိုင်ပြည်နယ်က မိုခါမုန်းတိုင်းဒုက္ခသည်တွေကို ကူညီမှုနှောင့်နှေးနေပါက အငတ်ဘေးဆိုက်ရောက် နိုင်တယ်လို့ မုန်တိုင်းဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် မေလ၁၄ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုမှ လူနေအိမ် အဆောက်အုံ အများအပြားပျက်စီး ဆုံးရှုံးခဲ့ရပြီး ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအနေဖြင့် ကူညီလုပ်ဆောင်ပေးမှုများ ရှိနေသော်လည်း လွပ်လပ်စွာ သွားလာခွင့်မရခြင်းတို့ကြောင့် ဒေသခံပြည်သူများ ၏ စားနပ်ရိက္ခာ ပြတ်လတ်နိုင်ကြောင်း ရခိုင်အမျိူးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက CNI သို့ ပြောသည်။
“ကျမတို့ ဒီမှာရှိနေကြတဲ့ တခြားသော အဖွဲ့အစည်းတွေရှိနေကြတယ်ပေါ့လေ။ အဲဒီအဖွဲ့အစည်းတွေက တစ်ဖက်နဲ့တစ်ဖက် အားပြိုင်သလားလို့ အဲ့လိုမျိူးပဲမြင်တယ်။ ပြည်သူတွေဆီကို စားနပ်ရိက္ခာတွေ ရောက်သွားခြင်းအားဖြင့် အဲဒီစားနပ်ရိက္ခာက ကျမတို့ဆီမှာ အခြေချနေတဲ့ ရခိုင်တပ်တော်ဆီကိုလည်း ရောက်သွားမှာစိုးလို့လည်း ထင်တယ်။ ကျမအမြင်ပေါ့နော်။ အကြောင်းအမျိူးမျိုးတွေကြောင့်ဆိုလည်း နစ်နာတာက ကျမတို့ပြည်သူတွေပဲဖြစ်နေတယ်။ဒီအချိန်မှာ ပြည်သူတွေက အကုန်လုံးလိုအပ်ချက်တွေနဲ့ ရှိနေကြတဲ့အချိန် တချို့တွေဆိုရင် အမိုးလုံးဝ မရောက်သေးတာမျိုးရှိတယ်။ စားနပ်ရိက္ခာတွေကလည်း အကုန်လုံး ဈေးတွေလည်းတက်နေတော့ ပြည်သူတွေလက်ထဲကို ရောက်ဖို့အရေးကြီးတယ်ပေါ့နော်။ အမှန် တကယ် မိုခါက ကျမတို့အတွက် ထိခိုက်မှုကြီးပေါ့နော်။ ဒီထိခိုက်မှုတွေထဲက ပြည်သူတွေကို တကယ် ထိခိုက် မနစ်နာစေချင်ရင် ပြည်သူတွေဆီကို လွတ်လွတ်လပ်လပ်နဲ့ စားနပ်ရိက္ခာရောက်ဖို့ လိုတယ်။ ပြီးရင် ပြည်သူ တွေ အားလုံးကလည်း အမိုးအကာအောက်ကို ရောက်ဖို့ လိုအပ်တယ်။ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ သွားပြီးတော့ အလှူပေးတဲ့အဖွဲ့တွေကိုလည်း လွတ်လွတ်လပ်လပ် သွားစေချင်။ သိပ်တားတာ ဆီးတာတွေ မလုပ်ဘူးဆိုလို့ရှိရင်တော့ အသင့်တော်ဆုံးပဲလို့ထင်တယ်။ ပြည်သူတွေက တစ်ချို့ငတ်နေကြပြီ။ ဒီကြားထဲမှာ ကြားထဲကနေ လက်လုပ်လက်စားတွေ အလုပ်လက်မဲ့ ဖြစ်သွားတဲ့သူတွေရှိတယ်။အဲ့တော့ တကယ်ကို ပြည်သူ တွေကိုစေတနာထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ အလုပ်လုပ်ပေးချင်တယ် ဆိုလို့ရှိရင် အဲ့ပြည်သူတွေကို ကျမ တို့က နေရာချထားပေးဖို့ လိုသလို ကယ်ဆယ်ရေးအနေနဲ့လည်း စားနပ်ရိက္ခာတွေကို အနည်းဆုံး ခြောက်လ လောက်ကို ကျမတို့မပံ့ပိုးပေးနိုင်ရင် ပြည်သူတွေရဲ့အနေအထာားကအကုန်လုံးငတ်ကုန်လိမ့်မယ်။” ဟု ပြောသည်။
မုန်တိုင်းဒုက္ခသည်များအား ကူညီထောက်ပံ့မှုများ ရှိနေသော်လည်း မိသားစုအရေအတွက်များသူများအနေဖြင့် စားဝတ်နေရေးမလုံလောက်ဟု ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာမှ ဦးသာထွန်းစိန်က CNI သို့ ပြောသည်။
“မရတဲ့ဟာက အများကြီးပဲပေါ့ဗျာ။ ကျနော်တို့ရွာမှာဆိုရင်။ အိမ်မိုးမယ့် တာလပတ်တွေ နည်းနေတယ်။ အိုးခွက်ပန်းကန်တွေ၊ နောက်ပြီး ကျောင်းသူကျောင်းသားတွေ ကျောင်းမှာလည်း တာလပတ် မိုးနေကြ တာတွေ မပြီးသေးဘူး။ ကလေးတွေ ကျောင်းမတက်ရတာ အများကြီးပဲ။ကလေးမိဘတွေက ဆင်းရဲ သွားကြတော့ အဝတ်အစားတွေလည်း မရှိကြတော့ဘူး။ ကျောင်းဝတ်စုံဆိုလည်း မူကြိုကျောင်းဝတ်စုံ ဆယ်စုံလောက်ပဲပါတယ်။ဆန်စပါးတွေကအစ အကုန်မိုးစိုသွားတော့ လွှင့်ပစ်လိုက်ရတယ်။ ကယ်ဆယ်ရေး တွေကလည်း ဆန်လာပေးတော့ တစ်ခါလာရင် တစ်အိမ်ကို ဆန်ရှစ်ပြည် နှစ်ခါဆိုတော့ တစ်ဆယ့် ခြောက်ပြည်။ မိသားစုများရင် မလုံလောက်ပါဘူး” ဟု ပြောသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာကူညီရေးအဖွဲ့များကို ခရီးသွားလာခွင့် ပိတ်ပင်ထားသည့်အတွက် ရခိုင်ပြည်နယ် အတွင်းရှိ အကူအညီ လိုအပ်နေသည့် မုန်တိုင်းသင့်ပြည်သူတစ်သန်းကျော်အတွက် မရှိမဖြစ်လိုအပ်သည့် ရိက္ခာထောက်ပံ့ရေးနှင့် ဖြန့်ဖြူးရေးအပိုင်းတို့တွင် အခက်အခဲ ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂမှ ဇွန်လ ၁၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး ပျက်စီးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 333
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀
မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ပုဂံဒေသရှိ စေတီပုထိုး၊ အုတ်တံတိုင်း ပြိုကျ ပျက်စီးမှုများ ရှိခဲ့သော်လည်း ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့် ဘုရားစေတီများ ရှိနေသေးကြောင်း ပုဂံဒေသခံများ က CNI သတင်းဌာနသို့ ပြောသည်။
ဘုရားစေတီ ပြိုကျထားသည့် အုတ်များကို သန့်ရှင်းရေးပင် မလုပ်ဆောင် ထားသေးကြောင်း၊ ထိုဘုရားစေတီ များသည် မိုးထပ်မံ ရွာသွန်းပါက ထပ်မံ ပြိုကျသွားနိုင်ကြောင်း ပုဂံဒေသခံတစ်ဦးလည်းဖြစ် ကြီးမြတ်သောပုဂံ သန့်ရှင်းရေး ကုသိုလ်ပြုအဖွဲ့၏ တာဝန်ခံ ဦးမျိုးဆက်စံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "ပြိုကျတဲ့ ဒဏ်ရာတွေကို ဒီကနေ့ အထိတောင် ကျန်တာမပြောနဲ့ သန့်ရှင်းရေးတောင် မလုပ်ရသေးဘူး။ ပြိုကျတဲ့ အုတ်ကျိုးပဲ့တွေတောင် ဘာပဲပြောပြော ကျနော်တို့က ဒါတွေကို အဆင်ပြေတဲ့ တစ်နေရာမှာ သန့်ရှင်း ရေး လုပ်ရမှာလေ။ အဲဒီ အဆင့်တောင် မလုပ်ထားဘူး။ ဘုရားအမှတ်ကော ပါတယ် ၄၀၆ ဘုရား ၂ ဆူ ကပ်ရပ်မှာ။ နောက်ပြီးတော့ ဂလိုင်ကြီး ဖြစ်နေတာ။ နောက်လာမယ့် မိုးတွေမှာ အဲဒီ ဒဏ်ရာထဲကို မိုးရေဝင်ပြီး ဒီထက်မကတဲ့ ပျက်စီးမှုတွေ ဖြစ်လာနိုင်တဲ့ အကြောင်းကို ကျနော် မီးမောင်းထိုးပြထားတယ်။ ကျနော်တို့က ရှေ့မှာ သာဓကတွေ အများကြီး ကြုံတွေ့ခဲ့ပြီ။ အဲဒီလိုမျိုး အချိန်မှီ အခါမှီ ကျနော်တို့ ကြိုတင်မှု မလုပ်နိုင်တဲ့အတွက် မဆုံးရှုံးသင့်တာ တွေ ဆုံးရှုံးခဲ့တယ်၊ ၂၀၁၆ ငလျင်တို့ ဘာတို့ အဲဒီလို အများကြီးပါပဲ။ ကျနော်တို့ ပုဂံနဲ့ ပတ်သက်လို့ အတွေ့အကြုံ တွေ အများကြီး ရှိခဲ့တယ်။ ဒါတွေကို သင်ခန်းစာ ယူရမှာဗျ"ဟု ပြောသည်။
မိုခါမုန်တိုင်းကြောင့် ပုဂံဘုရားများအတွင်း ရေလျှံမှုဖြစ်စဉ်
မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ပုဂံရှေးဟောင်း ဘုရားစေတီ ပုထိုးများအနက် လက်ရှိတွင် ပြုပြင်ရန် အတွက် ဘတ်ဂျက်ကျထားသည့် ဘုရားစေတီ ၈ ဆူရှိကြောင်း၊ လက်ရှိတွင် ၆ ဆူ ပြုပြင်ပြီးစီးပြီ ဖြစ်ကြောင်း ပုဂံရှေး/သုဌာနထံမှ သိရသည်။
ထို့နောက် ထပ်မံပျက်စီးလာသည့် ဘုရားစေတီ ၄၅ ဆူ တွေ့ရှိထားပြီး ယင်းဘုရားစေတီများအတွက် သုတေသန များ ပြုလုပ်နေကြောင်း၊ ပြုပြင်ရန်အတွက် နေပြည်တော်သို့ တင်ပြထားကြောင်း၊ ခွင့်ပြုချက် ကျလာပါက ဆက် လက် ပြင်ဆင်သွားမည် ဖြစ်ကြောင်း ပုဂံရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ပထမ ၈ ဆူပေါ့နော်။ ၈ ဆူက ပြင်ဆင်ရတဲ့ အထဲ ပါတယ်။ ပြင်ဆင်နေတယ်ပေါ့နော်။ အခု နောက်ပိုင်း တစ်ပတ်ကြာပြီးတော့မှ တစ်ဆူက ပဲ့ကျ၊ ဟိုကပဲ့ကျ၊ ဒီကပဲ့ကျနဲ့ ၄၅ ဆူ တွေ့တယ်ပေါ့နော်။ ၄၅ ဆူ လုံးက တောက်လျှောက် ပြင်သွားမှာပေါ့နော်။ ၄၅ ဆူလုံးက ရှေးဟောင်းဘုရားတွေ ဖြစ်တဲ့အတွက် ဝုန်းဒိုင်း အသစ် ဆောက်သလို ပြင်လို့မရဘူးလေ။ ကျနော်တို့ ဒီဟာတွေကို သုတေသန ပြန်လုပ်ရမယ်။ မူလပုံစံမပျက် ကျနော်တို့က ပြန်ပြီးတော့ ပြန်လည်ပြင်ဆင်ရမယ်လေ။ အဆောက်အဦ အသစ်ဆောက်သလိုမျိုး ရှေးဟောင်း အဆောက်အဦတွေကို ကျနော်တို့က ပြင်လို့မရဘူး။ ကျနော်တို့ရဲ့ အင်ဂျင်နီယာ အရေအတွက်နဲ့ ပြင်ရမယ့် ဘုရား တွေနဲ့ ငွေကလည်း ကျနော်တို့ ချက်ချင်းကြီး ဝုန်းဒိုင်း တောင်းလို့မရဘူး။ ဒါတွေကို အရင်ဆုံး ကျနော်တို့က ပျက် တဲ့ ဘုရားတွေကို သွားမယ်၊ ကွင်းထဲမှာ ဆင်းမယ်၊ တိုင်းထွာမယ်၊ အတိအကျ တိုင်းထွာပြီးတော့ တွက်ချက်မယ်။ တွက်ချက်ပြီးတော့မှ ကျနော်တို့က နေပြည်တော်ကို ပို့ရမယ်။ နေပြည်တော်ကနေမှ သက်ဆိုင်ရာ ဝန်ကြီးဌာန ကိုပို့၊ ပို့ပြီးတော့မှ အဲဒီကနေ တွက်ချက်ပြီးတော့မှ ခွင့်ပြုချက်ယူ။ ပြီးတော့မှ ဘတ်ဂျက်ချ။ အဲဒီလိုမျိုး အဲဒီလိုမျိုး အဆင့်ဆင့်။ အခု တွက်ချက်ပြီးတော့ ကျနော်တို့ နေပြည်တော်ကို အမြန်ဆုံး တင်ထားတယ်။ အဲဒီကနေမှ ခွင့်ပြု ချက်ရတယ်။ ပိုက်ဆံရပြီ ဆိုလို့ရှိရင်တော့ ကျနော်တို့ ဆက်လက်ပြီးတော့ တစ်ဆူပြီး တစ်ဆူ ဆက်လက်ပြီးတော့ ပြင်သွားမှာပေါ့နော်” ဟု ပြောသည်။
ပုဂံဘုရားများ ပြုပြင်ရန် လေ့လာနေကြစဉ်
ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ယခင်က ဘုရားစေတီပုထိုး သိန်းနှင့်ချီ၍ ရှိသော်လည်း မြေငလျင်ဒဏ်၊ မိုးဒဏ်၊ လေဒဏ်နှင့် သဘာဝဘေး အန္တရာယ်များကြောင့် ပြိုကျပျက်စီးမှုများ ရှိခဲ့ပြီး လက်ရှိတွင် ဘုရားစေတီ ပုထိုးပေါင်း ၃၈၀၀ ကျော်သာ ရှိတော့ကြောင်း သိရသည်။
ပုဂံသည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ထားသည့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်သည့်အတွက် ပြုပြင် ထိန်းသိမ်းမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ အကူအညီဖြင့် ပြည်တွင်းမှ ပညာရှင်များကို ပြည်ပသို့ ပညာတော် သင်များ စေလွှတ်နေကြောင်း၊ ဂျာမနီ၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ စသည့် နိုင်ငံများ၏ နည်းပညာ အကူအညီများ ရရှိနေကြောင်း၊ လက်ရှိတွင် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ပညာရှင်များမှ လာရောက်၍ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို မူလပုံစံမပျက် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း ပုဂံရှေးသုဌာနထံမှ သိရသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 657
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀
ရခိုင်ပြည်နယ်အတွင်းက မိုခါမုန်တိုင်းသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)တို့က ကျပ်သိန်း ၁၀၀၀၀ (ကျပ်သိန်းတစ်သောင်း)ကို လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းပွဲကို UWSA ၏ ဌာနချုပ် ပန်ခမ်းမြို့မှာ ဇွန်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည်။
ဒေါက်တာညိုထွန်းအောင်က ကျေးဇူးတင်လွှာပြန်လည်ပေးအပ်စဉ်(ERRCA)
ထို့နောက် လှူဒါန်းငွေ ကျပ်သိန်း ၁၀၀၀၀ ကို UWSA ၏ ဒုဥက္ကဋ္ဌနှင့် ပြင်ပဆက်ဆံရေးဌာန၊ ဌာနကြီးမှူးဖြစ် သော ဦးကျောက်ကော်အန်းမှ FPNCC နှင့် UWSA ကိုယ်စား ပေးအပ်ခဲ့ရာ ရက္ခိုင့်တပ်တော်(AA)၏ ဒုစစ်ဦးစီး ချုပ် မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးကော်မ တီ(ERRCA)ဥက္ကဋ္ဌ ဒေါက်တာညိုထွန်းအောင်နှင့် Humanitarian and Development Coordination Office (HDCO)အကြီးအကဲ ဦးထွန်းမင်းနိုင်တို့က လက်ခံရယူခဲ့သည်။
- By CNI News
- Category: လူမှုဘဝ
- Hits: 264
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၇
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ သရီရဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှော်ပူဇော်ခြင်း အခမ်းအနားကို ဇွန်လ ၇ ရက် ကျင်းပခဲ့သည်။
အဆိုပါ ရေမျှော်ပူဇော်ခြင်းကို မန္တလေးမြို့ရှိ မရမ်းခြံဆိပ်ကမ်းမှာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ် ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ မဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသမဟာထေရ်မြတ်ကြီးသည် သက်တော် (၉၄)နှစ်၊ သိက္ခာ တော် (၇၄)ဝါ၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း(၇)ရက်၊ ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
ထို့နောက် အန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇာသဘင် အခမ်းအနားကို ဇွန်လ ၆ ရက်နေ့ မွန်းလွဲပိုင်းမှာ ဗန်းမော် ကျောင်းတိုက်ကြီးမှာ ကျင်းပခဲ့သည်။
- By CNI
- Category: လူမှုဘဝ
- Hits: 288
CNI International News
ဘာလာဆိုး၊ ဇွန်လ ၅
လူပေါင်း ၂၇၅ ဦးသေဆုံးကာ ရာချီပြီး ဒဏ်ရာရရှိစေခဲ့သည့် အိန္ဒိယအရှေ့ပိုင်းမှ ရထားလမ်းချော်မှုသည် လျှပ်စစ် အချက်ပြမှုစနစ်၏ မှားယွင်းမှုကြောင့် ဖြစ်ကြောင်း အေပီသတင်းမှ ရေးသားခဲ့သည်။
ထိုအမှားကြောင့် ခရီးသည်တင် ရထားသည် လမ်းကြောင်းမှားတစ်ခုသို့ ရောက်ရှိသွားကာ ကုန်တင်ရထား တစ်စင်းနှင့် ဝင်တိုက်မိခြင်းဖြစ်ကြောင်း အရာရှိများက ဇွန်လ ၄ ရက်နေ့တွင် ပြောသည်။
ဇွန်လ ၂ ရက်နေ့ည အိုဒီရှား (Odisha) ပြည်နယ်၊ ဘာလာဆိုး (Balasore) ခရိုင်တွင် ဖြစ်ပွားခဲ့သော ခရီးသည်တင် ရထားနှစ်စင်း လမ်းချော်မှုသည် အိန္ဒိယသမိုင်းတွင် အဆိုးရွားဆုံးသော မီးရထား မတော်တဆမှုများမှ တစ်ခု ဖြစ် လာ ခဲ့သည်။
အစောပိုင်းတွင် ထိုဖြစ်ရပ်မှ သေဆုံးသူ ၃၀၀ ကျော်ရှိပြီဟု ထုတ်ပြန်ခဲ့သော်လည်း သေဆုံးသူ အရေအတွက်မှာ ၂၇၅ ဦးသာရှိသည်ဟု အိုဒီရှား အစိုးရက ပြင်ဆင်ထုတ်ပြန်ခဲ့သည်။
အစောပိုင်း စစ်ဆေးတွေ့ရှိချက်များအရ Coromandel Express အမြန်ရထားကို ပင်မလမ်းကြောင်းသို့ သွားရန် အချက်ပြမှုရှိခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် ယင်းသည် ပြောင်းလဲသွားခဲ့ကြောင်း၊ ထို့ကြောင့် ရထားသည် သံရိုင်းများ တင်ဆောင်လာသည့် ကုန်တင်ရထားသွားရမည့် ကပ်ရပ်လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားခဲ့ကြောင်း အိန္ဒိယမီးရထားဌာန၏ ထိပ်တန်းအရာရှိ တစ်ဦးဖြစ်သူ ဂျာယာ ဗာမာ ဆင်ဟာ (Jaya Verma Sinha) က ပြော သည်။
မီးရထားမှောက်လို့ သေဆုံးသွားသူများ ဓာတ်ပုံကိုတွေ့ရစဉ်
ရထားနှစ်စင်း တိုက်မိမှုက Coromandel Express အား ရထားလမ်းကြောင်းတစ်ခုသို့ ရောက်ရှိသွားစေခဲ့ကာ မျက်နှာခြင်း ဆိုင်မှလာသည့် Yesvantpur-Howrah Express ရထားအား လမ်းချော်မှုကိုပါ ဖြစ်စေခဲ့သည်ဟု လည်း သူမက ပြောသည်။
လူစီး ရထားများတွင် ခရီးသည်ပေါင်း ၂၂၉၆ ဦး ပါဝင်ခဲ့ကာ သတ်မှတ်အရှိန်ကို ကျော်လွှားခြင်း မရှိခဲ့ဟု သူမက ပြောသည်။
ကုန်တင်ရထားများသည် ခရီးသည်တင် ရထားများအတွက် ပင်မလမ်းကြောင်းကို ရှင်းရှင်းလင်းလင်း ဖြစ်စေရန် ဘေးချင်းကပ် လမ်းကြောင်းများတွင်သာ ရပ်လေ့ရှိသည်ဟုလည်း သူမက ဆိုသည်။
ရထားမတော်တဆမှုကို ဖြစ်စေသည့် ပင်မ အကြောင်းအရင်းမှာ လျှပ်စစ် အချက်ပြမှုစနစ် ချို့ယွင်းချက်ကြောင့် ဖြစ်သည်ဟုလည်း ဗာမာက ပြောသည်။
မီးရထား တိမ်းမှောက်နေတာကို ရှင်းလင်းရေးလုပ်နေစဉ်
လူကြောင့်လား ၊နည်းပညာကြောင့်လား ဆိုခြင်းကို အသေးစိတ် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ပြီး ချိန်မှသာ သိရ မည်ဟုလည်း သူမက ပြောသည်။
အပြန်အလှန် ချိတ်ဆက် အချက်ပြမှုစနစ်သည် ရထားများကြား ရှုပ်ထွေးမှုများ ဖြစ်ခြင်းကို တားဆီးရန် ရည်ရွယ် ပြုလုပ်ထားခြင်း ဖြစ်သည်။
ယင်းက ရထားမောင်းများအတွက် နောက်တစ်စင်းနှင့် မည်မျှ နီးကပ်နေသည်၊ မည်မျှ မြန်မြန်သွား၍ ရသည်နှင့် ရထားလမ်းကြောင်းပေါ်တွင် မည်သည့်ရထား ရှိနေသည်တို့ကို အချက်ပြပေးသည်။
ထိုစနစ်သည် ၉၉ ရာခိုင်နှုန်း အမှားအယွင်း ကင်းကြောင်း၊ သို့သော် ၁ ရာခိုင်နှုန်းသော ချို့ယွင်းချက် ရှိတတ်စမြဲ ဖြစ်ကြောင်း ဗာမာက ပြောကာ အဖျက်အမှောက် လုပ်ရပ် ဖြစ်နိုင်သည်လား ဆိုခြင်းကိုလည်း ငြင်းပယ်ခြင်း မပြုခဲ့ ပေ။
Source: AP