![](/images/jfgjhgjhfgjhgfj.jpg#joomlaImage://local-images/jfgjhgjhfgjhgfj.jpg)
- By CNI
- Category: အားကစား
- Hits: 721
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၂၉
ရီးရယ်လ်အသင်းကို ၃၆ ကြိမ်မြောက် လာလီဂါဖလားရရှိအောင် အဓိကနေရာက စွမ်းဆောင်ပေးခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ၂၀၂၃-၂၄ ရာသီ စပိန်လာလီဂါ အကောင်းဆုံး ကစားသမားအဖြစ် မဲပေးရွေးချယ်ခြင်း ခံခဲ့ရပါတယ်။
ပရိသတ်တွေ၊ အသင်းခေါင်းဆောင်တွေနဲ့ ပညာရှင်တွေက မဲပေးရွေးချယ်ခဲ့တဲ့ ဒီဆုကို ဘယ်လင်ဂမ်ဟာ အသင်းဖော် ဗီနီစီးယက်စ်၊ အသလက်တီကိုအသင်းက ဂရစ်ဇ်မန်း၊ ဘာစီလိုနာအသင်းက လီဝန်ဒေါစကီးနဲ့ ဂျီရိုနာအသင်းက ဒေ့ါဗ်ဘိခ်တို့ကို မဲအသာရပြီး ရရှိခဲ့တာပါ။
ဘယ်လင်ဂမ်ဟာ လာလီဂါပွဲပေါင်း ၂၈ ပွဲ ကစားခဲ့တာမှာ ၁၉ ဂိုးသွင်းပြီး ၆ ဂိုး ဖန်တီးနိုင်ခဲ့သလို ရီးရယ်လ်အသင်း အတွက် ကစားထားတဲ့ ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၂၃ ဂိုးသွင်းပြီး ၁၂ ဂိုးဖန်တီးကာ ခြေစွမ်းပြသထားတာ ဖြစ်ပါတယ်။
ဘယ်လင်ဂမ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် ရီးရယ်လ်အသင်းနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် ဆုပေး ပွဲကို တက်ရောက်နိုင်ခဲ့ခြင်း မရှိပေမယ့် ဆုရခဲ့တဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။
ယာမဲလ်ကို တွေ့ရစဉ်
ဘယ်လင်ဂမ်က “ဒီဆုအတွက် ကျနော့်ရဲ့ အသင်းဖော်တွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ အရေးကြီးဆုံးကတော့ ကမ္ဘာ့ အကောင်းဆုံး ကလပ်အသင်း ပရိသတ်တွေကို ရည်ညွှန်းချင်ပါတယ်။ ဒီအသင်းမှာ ကစားရတဲ့အချိန်တိုင်း ကျနော် ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းထံ မပြောင်းရွှေ့ခင် ဒေါ့မွန်အသင်းမှာ ကစားခဲ့ချိန်က ၂၀၂၂-၂၃ ရာသီ ဘွန်ဒက်လီဂါ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃-၂၄ ရာသီအတွက် လာလီဂါ အကောင်းဆုံးဆုတွေဖြစ်တဲ့ ယူ-၂၃ အကောင်းဆုံး ကစားသမားဆုကို ဘာစီလိုနာ အသင်းကြယ်ပွင့် ယာမဲလ်က ရရှိခဲ့ပြီး အကောင်းဆုံးသွင်းဂိုးဆုကို အိုဆာဆူနာအသင်းက အေရီဆိုရဲ့ သွင်းဂိုးက ရရှိခဲ့တာပါ။
အကောင်းဆုံး နည်းပြဆုကိုတော့ ဂျီရိုနာအသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြ မီချဲလ်က ရရှိသွားခဲ့တာဖြစ်ပါတယ်။
Source: CNA
![](/images/ghjhgjgfhjhjfhj.jpg#joomlaImage://local-images/ghjhgjgfhjhjfhj.jpg)
- By CNI
- Category: အားကစား
- Hits: 1538
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၂၉
ဒေါ့မွန်အသင်းဟာ ဂီတာဖေးအသင်းမှာ အငှားသွားရောက်ကစားပြီး ခြေစွမ်းပြသခဲ့တဲ့ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာ ဆုံးဖြတ်ချက်ချဖို့ ရှိနေပါတယ်။
ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းနဲ့ အငှားစာချုပ် ကုန်ဆုံးချိန်မှာ ယူနိုက်တက်အသင်းထံ ပြန်လာရမှာဖြစ်ပေမယ့် ဂျာမနီသတင်းတွေမှာ ဒေါ့မွန်အသင်းဟာ သူ့ကို လာမယ့်ရာသီအတွက် အငှားနဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ ဖော်ပြထားတာပါ။
ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာ ဆီဘတ်စတီယန်ခါးလ်က နွေရာသီမှာ ဂရင်းဝုဒ်အတွက် ဖြစ်နိုင်ဖွယ်ရှိတဲ့ အပြောင်းအရွှေ့ကို ငြင်းဆိုခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
ဆီဘတ်စတီယန်ခါးလ်က “အခုအချိန်မှာတော့ ထွက်ပေါ်နေတဲ့ ထင်ကြေးတွေအကြောင်းကို မပြောချင်ပါဘူး။ စနေနေ့မှာ ဗိုလ်လုပွဲကို အရင်ဆုံးကစားသွားရမှာပါ။ ကျနော်တို့ဟာ လာမယ့်ရာသီအတွက် အစီအစဉ်တွေရှိနေပြီး ဗိုလ်လုပွဲကို အာရုံစိုက်ပြီးမှသာ ဘယ်လိုဆက်သွားကြမလဲဆိုတာ ကြည့်ရမှာပါ။ ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး အခု အချိန်မှာ မပြောချင်သေးပါဘူး”လို့ ပြောပါတယ်။
ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူကာ အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ကို တွေ့ရစဉ်
အဲဒါကြောင့် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ အသင်းအချို့က စိတ်ဝင်စားနေပြီး ဒီအထဲမှာ ဒေါ့မွန်အသင်းလည်း ပါဝင် လာခဲ့တာပါ။ ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းထံ ပြန်ရမှာဖြစ်ပေမယ့် အသင်းကလည်း သူ့ကို အပြီးသတ် ရောင်းချ ဒါမှမဟုတ် အငှားထပ်ပြီးချဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
ဒေါ့မွန်အသင်းဟာ ယူနိုက်တက်အသင်းဆီကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆန်ချိုကို အငှားနဲ့ ခေါ်ယူခဲ့ပြီး စာချုပ်ထဲ မှာ အပြီးသတ် ဝယ်ယူခွင့် မပါဝင်တာကြောင့် သူ့အစား ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာပါ။
ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြသနေပြီး အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်နိုင်အောင် အဓိက အခန်းကဏ္ဍကနေ လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒေါ့မွန်အသင်းဟာ ကစားသမားဟောင်း ဆန်ချိုကို အပြီးသတ် ခေါ်ယူချင်ပေမယ့် ယူနိုက်တက်အသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကြောင့် အခက်တွေ့နေရတာပါ။
ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ဒေါ့မွန်အသင်း အပါအဝင် အသင်းအချို့က စိတ်ဝင်စားနေပေမယ့် သူကတော့ ဂီတာဖေး အသင်းမှာ ဆက်ပြီး ရှိချင်သလို စပိန်ကလပ်ကလည်း သူ့ကို အသင်းမှာ ဆက်ပြီးရှိစေချင်တယ်လို့ ထုတ်ဖော် ပြောထားတာ ဖြစ်ပါတယ်။
Source: DailyMail
- By CNI
- Category: အားကစား
- Hits: 921
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၂၉
စပါးအသင်းဟာ လိုက်ပ်ဇစ်အသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး တီမိုဝါနာရဲ့ အငှားစာချုပ်ကို လာမယ့်ရာသီအကုန်ထိ သက်တမ်းတိုး လိုက်ပါတယ်။
တီမိုဝါနာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက လိုက်ပ်ဇစ်အသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့ပြီး စပါးအသင်းအတွက် ၁၄ ပွဲ ကစားခဲ့တာမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ၃ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
တီမိုဝါနာဟာ စပါးအသင်းမှာ ရာသီဝက် အငှားကစားချိန် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် နည်းပြ ပိုစတီကိုဂလူးက နောက်ထပ် တစ်ရာသီ ထပ်မံခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
စပါးအသင်းဟာ တီမိုဝါနာနဲ့ ချုပ်ဆိုထားတဲ့ အငှားစာချုပ် ကုန်ဆုံးချိန်မှာ လိုက်ပ်ဇစ်အသင်းကနေ ယူရို ၁၀ သန်း နဲ့ အပြီးသတ် ဝယ်ယူခွင့် ရှိနေတာပါ။
ဂျာမနီကစားသမားဟာ အာဆင်နယ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာကြောင့် စပါးအသင်းရဲ့ နောက်ဆုံး ၅ ပွဲစလုံးပါဝင်နိုင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။
တီမိုဝါနာကို တွေ့ရစဉ်
စပါးအသင်းက အငှားစာချုပ် သက်တမ်းတိုးပြီးနောက်မှာ တီမိုဝါနာက အသင်းမှာ ဆက်ရှိရမှာဖြစ်လို့ ပျော်ရွှင်ပြီး မယုံနိုင်လောက်စရာ ရာသီတစ်ခုအတွက် အားကစားကွင်းမှာ အားလုံးကိုတွေ့ဖို့ စောင့်မျှော်နေတယ်လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားထားခဲ့တာပါ။
တီမိုဝါနာဟာ ၂၀၂၂ ခုနှစ်က လိုက်ပ်ဇစ်အသင်းထံ ပြန်လည်မပြောင်းရွှေ့ခင် ချယ်လ်ဆီးအသင်းမှာ ၂ ရာသီကြာ ကစားခဲ့ပြီး ချန်ပီယံလိဂ်၊ UEFA စူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် တီမိုဝါနာဟာ အသင်းဟောင်း လိုက်ပ်ဇစ်အသင်းကို ပြန်ပြောင်းရွှေ့ခဲ့ချိန်မှာ ပွဲကစားခွင့် အကန့်အသတ် နဲ့သာ ရရှိတဲ့အတွက် စပါးအသင်းထံ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
တီမိုဝါနာဟာ ဂျာမနီအသင်းအတွက် ၅၇ ပွဲ ကစားထားပြီး ၂၄ ဂိုး သွင်းယူထားပေမယ့် ၂၀၂၃ ခုနှစ်၊ မတ်လက ဘယ်လ်ဂျီယံအသင်းနဲ့ ခြေစမ်းပွဲမှာ နိုင်ငံအသင်းအတွက် နောက်ဆုံး ပါဝင်ကစားခဲ့ရပါတယ်။
တီမိုဝါနာဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် ဂျာမနီအသင်း လူစာရင်းမှာလည်း ရွေးချယ်ခြင်း မခံခဲ့ရတာ ဖြစ်ပါတယ်။
Source: BBC
![](/images/hgjhjfhghjgjh.jpg#joomlaImage://local-images/hgjhjfhghjgjh.jpg)
- By CNI
- Category: အားကစား
- Hits: 712
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၂၉
ဒေါ့မွန်အသင်းနည်းပြ တာဇစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲတိုင်း နိုင်ပွဲရယူနိုင်တဲ့ ရီးရယ်လ်အသင်းရဲ့ မှတ်တမ်း ကောင်းကို သူတို့ချိုးဖျက်နိုင်တယ်လို့ ပြောလိုက်ပါတယ်။
တာဇစ်က “ကြီးမားတဲ့အရာတွေကို အောင်မြင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု ရှိရပါမယ်။ ဆုဖလားရယူပြီး ဒေါ့မွန်ကို ပြန်နိုင်ဖို့ ကျနော်တို့ အရာအားလုံးကို မြှုပ်နှံထားရပါမယ်။ အရေးကြီးဆုံးက ချန်ပီယံလိဂ်ဖလားကို ရယူချင်ရင် ချန်ပီယံတွေကို အနိုင်ယူဖို့ပါ။ ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်တိုင်း အရေးမနိမ့်ခဲ့ပါဘူး။ အခု အချိန်မှာတော့ ဒီစံချိန်ကို ချိုးဖျက်ဖို့ အချိန်တန်ပါပြီ”လို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဥရောပဖလားပြိုင်ပွဲကနေ ချန်ပီယံလိဂ်ဖလားပြိုင်ပွဲလို့ အမည်ပြောင်းလဲ ကျင်းပခဲ့တဲ့ ၁၉၉၂ ခုနှစ်ကတည်းက ဗိုလ်လုပွဲတက်ခဲ့တဲ့ ၈ ကြိမ်စလုံး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပြီးခဲ့တဲ့ ၁၀ ရာသီအတွင်းမှာ ချန်ပီယံဆုကို ၅ ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ဆုဖလားပေါင်း ၁၄ ကြိမ်အထိ စံချိန်တင်ရယူထားတာပါ။
ရီးရယ်လ်အသင်းကိုတွေ့ရစဉ်
ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၉၉၆-၉၇ ရာသီက ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ၂၀၁၂-၁၃ ရာသီက ဗိုလ်လုပွဲထပ်ပြီး ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ခဲ့ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရကာ အခုရာသီမှာ နောက်ထပ် တစ်ကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။
အခုတစ်ကြိမ်မှာတော့ ဒေါ့မွန်အသင်းဟာ ချန်ပီယံဆုကို ရယူနိုင်ဖို့ စိတ်အားထက်သန်နေပြီး ရီးရယ်လ်အသင်းရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ မှတ်တမ်းကောင်းကို ချိုးဖျက်သွားမယ်လို့ နည်းပြ တာဇစ်က ပြောခဲ့တာ ဖြစ်ပါတယ်။
ဒေါ့မွန်အသင်းဟာ ဒီရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အဆင့် ၅ နေရာ ရပ်တည်နိုင်ခဲ့တဲ့အတွက် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရယူနိုင်ခဲ့တာပါ။
ဒေါ့မွန်နဲ့ ရီးရယ်လ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဇွန် ၂ ရက် ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: CNA
![](/images/gdffhfghdh.jpg#joomlaImage://local-images/gdffhfghdh.jpg)
- By CNI
- Category: အားကစား
- Hits: 130
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၂၈
လီဗာပူးလ်အသင်းခေါင်းဆေင် ဗန်ဒိုက်က သူဟာ လာမယ့်ရာသီ ဆက်ရှိမှာဖြစ်သလို နည်းပြသစ် အာနီဆလော့ ဟာ အသင်းမှာ ကြီးမားတဲ့ အောင်မြင်မှုရမယ်လို့ ပြောလိုက်ပါတယ်။
ဗန်ဒိုက်က “ကျနော့်ရဲ့ စာချုပ်က တစ်နှစ်ကျန်ရှိနေပါသေးတယ်။ ကျနော်ဟာ အသင်းခေါင်းဆောင်ဖြစ်ပြီး နည်းပြသစ်အတွက် ကျနော်ရှိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ လာမယ့်ရာသီမှာ အပြောင်းအလဲတွေ အများကြီးရှိမှာဖြစ်ပေမယ့် ကျနော်တို့ကြီးမားတဲ့ အောင်မြင်မှုတွေ ရနိုင်မယ်ဆိုတာ ကျနော်ယုံကြည်မှုရှိပါတယ်။ အသင်းနဲ့ အနာဂတ်အကြောင်းကို ပြောနေပေမယ့် ကျနော့်ရဲ့ လက်ရှိ အာရုံစူးစိုက် မှုက နိုင်ငံအတွက် အပြည့်အဝပါ”လို့ ပြောခဲ့ပါတယ်။
ဖီယင်နုအသင်းနဲ့အတူ ဒတ်ချ်အမှတ်ပေးလိဂ်နဲ့ ဖလားတို့ကို ရယူနိုင်ခဲ့တဲ့ အာနီဆလော့ဟာ မကြာခင်မှာ လီဗာပူးလ်အသင်း နည်းပြတာဝန်ကို စပြီးယူတော့မှာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်း နည်းပြဖြစ်လာတဲ့ အာနီဆလော့ကို တွေ့ရစဉ်
လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က နည်းပြသစ် အာနီဆလော့ကို ကြိုဆိုခဲ့ပြီး လာမယ့်ရာသီအတွက် နည်းပြနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာပါ။
ဗန်ဒိုက် ကိုယ်တိုင်ကလည်း လီဗာပူးလ်အသင်းမှာ အနည်းဆုံး ၁ နှစ်လောက် ဆက်ပြီးရှိနေနိုင်ဖို့ စီစဉ်ထား တယ်လို့ ဝန်ခံခဲ့ပါတယ်။
လီဗာပူးလ်အသင်းရဲ့ ဒတ်ချ်ကွင်းလယ်လူ ဂရာဗန်ဘာ့ချ်က နည်းပြ အာနီဆလော့ဟာ သူ့ရဲ့ကစားသမားဘဝကို ကောင်းနိုင်တယ်လို့ထင်ပြီး သူဟာ ဘောလုံးကို ကောင်းမွန်စွာကစားချင်တဲ့ နည်းပြတစ်ဦးလို့ မှတ်ချက်ပေးခဲ့ တာပါ။
အာနီဆလော့ဟာ ကလော့ပ်ထားခဲ့တဲ့ အသင်းကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပြီး ဆုဖလားတွေ ရယူပေးနိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
အာနီဆလော့ဟာ လီဗာပူးလ်အသင်းကို စပြီးကိုင်တွယ်ချိန်မှာ နိုင်ငံအသင်းတွေအတွက် သွားရောက် ကစားပေးနေရတဲ့ ကစားသမားတွေ မပါဝင်ဘဲ စတင်ရမှာပါ။
လီဗာပူးလ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲနဲ့ ကိုပါအမေရိကဖလား ပြိုင်ပွဲတွေအတွက် ကစားသမားအချို့ကို နိုင်ငံအသင်းတွေထံ စေလွှတ်ထားရတာ ဖြစ်ပါတယ်။
Source: Goal
![](/images/7jtyuw5ieyheue.jpg#joomlaImage://local-images/7jtyuw5ieyheue.jpg)
- By CNI
- Category: အားကစား
- Hits: 2769
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၂၈
စပိန်တင်းနစ်သမား နာဒယ်လ်ဟာ ပြင်သစ်အိုးပန်းဂရမ်းဆလမ်းပြိုင်ပွဲကနေ ထွက်ခွာရပြီးနောက် အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်နိုင်ဖို့ ပစ်မှတ်ထားတယ်လို့ ပြောလိုက်ပါတယ်။
နာဒယ်လ်က “အခုအချိန်မှာ ကိုယ့်ကိုယ်ကို ပြင်ဆင်ဖို့လိုအပ်သလို စိတ်ကူးထားတဲ့ အရာတွေကိုလည်း ရှင်းလင်းဖို့ လိုပါတယ်။ ပြီးရင် အိုလံပစ်ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်ဖို့ ပြက္ခဒိန်အသစ်ကို ကြည့်ရပါမယ်။ အခုအချိန်မှာ ဘာမှ မပြောနိုင်သေးပေမယ့် ကျနော့်ရဲ့အဓိက ရည်မှန်းချက် ပစ်မှတ်ကတော့ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ပါ “လို့ ပြောခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ နာဒယ်လ်ဟာ ပြီးခဲ့တဲ့နှစ်မှာ တင်ပါးပြဿနာကြောင့် ပြိုင်ပွဲတွေ အားလုံးနီးပါး လွဲချော်ခဲ့သလို ဒီနှစ်မှာလည်း ကြွက်သားဒဏ်ရာကြောင့် သူ့ရဲ့ပြင်ဆင်မှုတွေကို ထိခိုက်ခဲ့တာဖြစ်ပါတယ်။
နာဒယ်လ်ကိုတွေ့ရစဉ်
ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆု ၁၄ ကြိမ်နဲ့ အကြိမ်အရေအတွက် အများဆုံး ရရှိထားတဲ့ နာဒယ်လ်ဟာ ဒီနှစ်ပြိုင်ပွဲမှာတော့ ပထမအဆင့်မှာတင် ဂျာမနီတင်းနစ်သမား ဇဗာရက်ကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတာပါ။
ဒါပေမယ့် စပိန်တင်းနစ်သမားဟာ ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ချင်နေပြီး သူ့ရဲ့ ကစားသမားဘဝမှာ တတိယမြောက် အိုလံပစ်ရွှေတံဆိပ်ကို ရယူနိုင်ဖို့ မျက်စိကျနေတာ ဖြစ်ပါတယ်။
နာဒယ်လ်ဟာ ၂၀၀၈ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲမှာ တစ်ဦးချင်း နဲ့ ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲမှာ နှစ်ယောက်တွဲ ပြိုင်ပွဲတွေကနေ စပိန်နိုင်ငံ ကိုယ်စားပြုပြီး ရွှေတံဆိပ်ရယူနိုင်ခဲ့တာပါ။
၂၀၂၄ အိုလံပစ်ပြိုင်ပွဲအတွက် တင်းနစ်ပြိုင်ပွဲတွေကို ဇူလိုင် ၂၇ ရက်ကနေ သြဂုတ် ၄ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: CNA
![](/images/pioihlugkfyjs.jpg#joomlaImage://local-images/pioihlugkfyjs.jpg)
- By CNI
- Category: အားကစား
- Hits: 2343
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၂၈
ပြင်သစ်တိုက်စစ်မှူး မာရှယ်ဟာ ၉ ရာသီကြာ ကစားခဲ့တဲ့ ယူနိုက်တက်အသင်းက ထွက်ခွာပြီလို့ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ အတည်ပြုသွားခဲ့ပါတယ်။
မာရှယ်က “ကြီးမားတဲ့ စိတ်ခံစားမှုတွေနဲ့ ခင်ဗျားတို့ကို နှုတ်ဆက်ဖို့ စာရေးလိုက်ပါတယ်။ အသင်းနဲ့အတူ ၉ နှစ်ကြာ မယုံနိုင်လောက်အောင် ဖြတ်သန်းခဲ့ပြီးနောက် အခုအချိန်မှာ ကျနော့်ရဲ့ ကစားသမားဘဝအတွက် နောက်ထပ် စာမျက်နှာ အသစ်ဖွင့်ဖို့ အချိန်ရောက်လာပါပြီ။ ခင်ဗျားတို့ဟာ ကျနော်ကောင်းမွန်တဲ့ အချိန်မှာရော ခက်ခဲနေတဲ့ အချိန်မှာရော အားပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယူနိုက်တက်က ကျနော့်နှလုံးသားထဲမှာ အမြဲတမ်း ရှိနေမှာပါ”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
၂၀၁၅ ခုနှစ်က မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မာရှယ်ဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၃၁၇ ပွဲ ကစားခဲ့ပြီး ဂိုး ၉၀ သွင်းယူကာ FA ဖလား၊ ကာရာဘောင်းဖလား၊ ကွန်မြူနတီဒိုင်းနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
မာရှယ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၁၉ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ဇန်နဝါရီမှာ ပေါင်ခြံခွဲစိတ်မှု ခံယူခဲ့ရတာပါ။
မာရှယ်ကို တွေ့ရစဉ်
မာရှယ်ဟာ မကြာသေးခင်က ယူနိုက်တက်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်ခဲ့ပေမယ့် အသင်းအတွက် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။
နွေရာသီမှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် မာရှယ်ဟာ မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ FA ဖလား ဗိုလ်လုပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
မာရှယ်ဟာ ၂၀၂၁-၂၂ ဒုတိယရာသီဝက်မှာ ဆီဗီလာအသင်းထံ အငှားနဲ့ သွားရောက် ကစားခဲ့သေးပေမယ့် ရာသီအကုန်မှာ ယူနိုက်တက်အသင်းထံ ပြန်ရောက်ရှိလာခဲ့တာပါ။
မာရှယ်ရဲ့ ပြင်သစ်လက်ရွေးစင် အသင်းဖော်ဟောင်း ဗာရန်းကလည်း ယူနိုက်တက်အသင်းက ထွက်ခွာမယ်လို့ ပြီးခဲ့တဲ့ မေလအစောပိုင်းကတည်းက ကြေညာခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ မာရှယ်ဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၃၀ ပါဝင်ကစားထားပြီး ၂ ဂိုး သွင်းယူကာ ၂၀၂၁ ခုနှစ်က နောက်ဆုံး ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
![](/images/rwhetuteueyte.jpg#joomlaImage://local-images/rwhetuteueyte.jpg)
- By CNI
- Category: အားကစား
- Hits: 1302
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၂၈
အယ်လ်နာဆာအသင်းက အယ်လ်အစ်တီဟတ်အသင်းကို အနိုင်ရခဲ့တဲ့ ရာသီနောက်ဆုံးပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းစံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်အစ်တီဟတ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီ ဆော်ဒီပရိုလိဂ်သွင်းဂိုး ၃၅ ဂိုးအထိ ရှိခဲ့တာပါ။
အဲဒါကြောင့် ရော်နယ်ဒိုဟာ မော်ရိုကိုတိုက်စစ်မှူး ဟမ်ဒယ်လာရဲ့ ဆော်ဒီပရိုလိဂ် တစ်ရာသီ ဂိုးသွင်းအများဆုံး စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်း တိုက်စစ်မှူးဟောင်း ဟမ်ဒယ်လာဟာ ၂၀၁၈-၁၉ ရာသီက ၃၄ ဂိုးသွင်းပြီး ဆော်ဒီပရိုလိဂ် ပြိုင်ပွဲမှာ စံချိန်တင်ထားတာပါ။
ရော်နယ်ဒိုဟာ ဟမ်ဒယ်လာရဲ့ စံချိန်ကို ၁ ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့သလို ဒီရာသီ အမှတ်ပေးလိဂ်မှာ ၁၁ ဂိုး ဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုကို တွေ့ရစဉ်
ယူနိုက်တက်အသင်းက ထွက်ခွာပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ရော်နယ်ဒိုဟာ ဆော်ဒီကလပ်အသင်းအတွက် ၆၉ ပွဲ ပါဝင်ကစားပြီး ၆၄ ဂိုး သွင်းယူထားတာပါ။
ရော်နယ်ဒိုဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်ခဲ့တာကြောင့် မတူညီတဲ့ နိုင်ငံ ၄ ခုက လိဂ်တွေမှာ ရွှေဖိနပ်ဆုရယူနိုင်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ ရာသီနောက်ဆုံးပွဲစဉ်မှာ အနိုင်ရခဲ့ပေမယ့် အမှတ်ပေးဇယားအဆင့် ၁ နေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၁၄ မှတ်အကွာ အဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းကတော့ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
အယ်လ်နာဆာအသင်းနဲ့ အယ်လ်ဟီလယ်အသင်းတို့ဟာ ရာသီပိတ် နောက်ဆုံးပွဲစဉ်အဖြစ် ဘုရင့်ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ဖို့ ရှိနေပြီး ဒီပွဲစဉ်ကို မေလ ၃၁ ရက်မှာ ကျင်းပသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
Source: BBC
![](/images/hjfghjfjfghjghj.jpg#joomlaImage://local-images/hjfghjfjfghjghj.jpg)
- By CNI
- Category: အားကစား
- Hits: 738
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၂၇
မော်ရိုကိုကွင်းလယ်လူ အမ်ရာဘတ်ဟာ ယူနိုက်တက်အသင်းမှာ ဆက်ပြီးရှိချင်တာကြောင့် လာမယ့် ရက်သတ္တပတ်အတွင်းမှာ အနာဂတ်နဲ့ပတ်သက်ပြီး ကလပ်အသင်းနဲ့ စကားပြောသွားမယ်လို့ ပြောခဲ့ပါတယ်။
အမ်ရာဘတ်က “ကျနော်တို့ စကားပြောဆိုမှုတွေပြုလုပ်ရမှာဖြစ်ပြီး ဒီမှာဆက်ရှိဖို့က သေချာပေါက် ရွေးချယ်စရာ တစ်ခုပါ။ ကျနော်တို့အတွက် အလွန်ခက်ခဲတဲ့ ရာသီဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ယူနိုက်တက်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးကလပ်အသင်းဖြစ်လို့ ဒီအသင်းအတွက် ဘယ်သူက မကစားပေးချင်မှာလဲ။ ကျနော်တို့ စကား ပြောဆိုမှုတွေပြုလုပ်သွားပြီး ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရမယ်”လို့ Ziggo Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ဖီအိုရင်တီးနားအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ အမ်ရာဘတ်ဟာ ကွင်းလယ်ခံစစ် ကစားသမား ဖြစ်ပေမယ့် ယူနိုက်တက်အသင်းရဲ့ ဒဏ်ရာအခက်အခဲတွေကြောင့် ဘယ်နောက်ခံလူအဖြစ် ပွဲအချို့ကစားခဲ့ရပြီး ခြေစွမ်းပြသနိုင်ဖို့ ခက်ခဲခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အမ်ရာဘတ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်တွေအပြင် FA ဖလားဗိုလ်လုပွဲမှာ သူကစားနေကျနေရာ ကစားခဲ့ရပြီး အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တာပါ။
အဲဒါကြောင့် အမ်ရာဘတ်ဟာ အသင်းရဲ့ဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးလ်အပါအဝင် အများအပြားရဲ့ ချီးကျူးမှု တွေကို ရရှိခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အမ်ရာဘတ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ အငှားစာချုပ် ကုန်ဆုံးမယ့် နွေရာသီမှာ ပေါင် ၂၁ သန်းနဲ့ ဖီအိုရင်တီးနားအသင်းကနေ အပြီးသတ်ဝယ်ယူခွင့်ရှိနေတာပါ။
မန်ချက် စတာကလပ်ဟာ အပြီးသတ်ဝယ်ယူဖွယ်မရှိဘူးလို့ သတင်းတွေထွက်နေပေမယ့် အမ်ရာဘတ်ကတော့ အသင်းမှာ ဆက်ပြီး ရှိချင်တယ်လို့ ပြောခဲ့ပါတယ်။
အမ်ရာဘတ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၃၀ ပါဝင်ကစားခဲ့ပြီး FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source:Metro
![](/images/hgjhgjghgjfghj.jpg#joomlaImage://local-images/hgjhgjghgjfghj.jpg)
- By CNI
- Category: အားကစား
- Hits: 1067
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၂၇
ချန်ပီယံရှစ် ပလေးအော့ဖ် ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ လိဒ်စ်အသင်းတို့ပွဲမှာ ဆောက်သမ်တန်အသင်းက အနိုင်ရပြီး ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ဖို့ လက်ကျန် ၁ နေရာအတွက် ယှဉ်ပြိုင်ခဲ့တဲ့ဒီပွဲမှာ ဆောက်သမ်တန်အသင်းက လိဒ်စ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
ဆောက်သမ်တန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၂၄ မိနစ်မှာ အမ်းစထရောင်းက သွင်းယူခဲ့ တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဆောက်သမ်တန်အသင်းဟာ လက်စတာ၊ အစ်စဝှချ်အသင်းတို့နဲ့အတူ လာမယ့်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။
လိဒ်စ်အသင်းကို တွေ့ရစဉ်
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့တဲ့ လက်စတာ၊ ဆောက်သမ်တန်နဲ့ လိဒ်စ်အသင်းတို့ ၃ သင်းထဲ မှာ လက်စတာနဲ့ ဆောက်သမ်တန်အသင်းတို့က ချက်ချင်း တန်းပြန်တက်နိုင်ခဲ့ပြီး လိဒ်စ်အသင်းက လာမယ့်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆက်ပြီးယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
ဆောက်သမ်တန်အသင်း နည်းပြ မာတင်က ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ခဲ့တဲ့ အသင်းရဲ့စွမ်းဆောင်ရည် ကို ဂုဏ်ယူတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
မာတင်က “ဒီကစားသမား အစုအဖွဲ့ဟာ မယုံနိုင်လောက်အောင်ပါပဲ။ သူတို့တွေဟာ အတူတကွ လက်တွဲပြီး ပရီးမီးယားလိဂ်ကို တန်းပြန်တက်အောင် လုပ်နိုင်ခဲ့ပါတယ်။ တန်းဆင်းပြီးနောက် ရာသီအစဟာ အခက်အခဲ ဆုံးဖြစ်ခဲ့ပေမယ့် ကျနော်တို့ရဲ့ အတူလက်တွဲ လုပ်ဆောင်မှုတွေက အံ့သြစရာပါပဲ။ ကျနော်တို့ အောင်မြင်ခဲ့တဲ့ အရာအတွက် အလွန်ဂုဏ်ယူပါတယ်။ ကျနော့်ကို အခွင့်အရေးပေးတဲ့ အသင်းပိုင်ရှင်တွေကိုလည်း ကျေးဇူးတင်ပါ တယ်”လို့ ပြောခဲ့ပါတယ်။
လိဒ်စ်အသင်းဟာ ပလေးအော့ဖ် ယှဉ်ပြိုင်ရတိုင်း တန်းမတက်နိုင်တဲ့ သူတို့ရဲ့ မှတ်တမ်းဆိုးကို ဆက်ပြီး ထိန်းသိမ်း နိုင်ခဲ့တာပါ။ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲကို လူတန်၊ ဘန်လေနဲ့ ရှက်ဖီးယူနိုက်တက်အသင်းတို့ တန်းဆင်းခဲ့တာ ဖြစ်ပါတယ်။
Source: BBC