CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၃

အာဂျင်တီးနားအသင်းဟာ အခုလထဲကစားမယ့် ခြေစမ်းပွဲတွေအတွက် ဒဏ်ရာကြောင့် အနားယူနေရတဲ့ ယူနိုက်တက်အသင်း နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို အံ့အားသင့်ဖွယ် ခေါ်ယူခဲ့ပါတယ်။

လီဆန်ဒရိုမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီ အကုန်မှာကတည်းက ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် ခွဲစိတ်မှုခံယူခဲ့ရကာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ယူနိုက်တက်အသင်းအတွက် ပြန်ပါဝင်နိုင်ခဲ့ တာပါ။ 

အာဂျင်တီးနား ကစားသမားဟာ ယူနိုက်တက်အသင်းအတွက် ၄ ပွဲသာ ပါဝင်ကစားပေးပြီးနောက် ဝက်စ်ဟမ်း အသင်းနဲ့ပွဲမှာ ဒူးဒဏ်ရာ ခံစားခဲ့ရတာ ဖြစ်ပါတယ်။ 

ဒီဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူဖို့ မလိုပေမယ့် လီဆန်ဒရိုမာတီနက်ဇ်ဟာ ၆ ပတ်ကနေ ၈ ပတ်အထိ အနားယူရဖို့ ရှိနေတာပါ။

လီဆန်ဒရိုမာတီနက်ဇ်ဟာ ဒဏ်ရာနဲ့ ပတ်သက်ပြီး နောက်ထပ် ဆုတ်ယုတ်မှုတွေ မရှိသေးပေမယ့် လေ့ကျင့်ရေး ကွင်းကို ပြန်လာနိုင်ခြင်း မရှိသေးသလို လာမယ့် လီဗာပူးလ်အသင်းနဲ့ FA ဖလားကွာတားဖိုင်နယ် ပွဲစဉ်မှာလည်း ယူနိုက်တက်အသင်းအတွက် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

 ယူနိုက်တက်မှာ လီဆန်ဒရိုမာတီနက်ဇ် ကစားနေစဉ်

ဒါပေမယ့် လီဆန်ဒရိုမာတီနက်ဇ်ရဲ့ တိုးတက်လာမှုတွေကြောင့် အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီဟာ အယ်လ်ဆာဗေးဒိုး၊ ကော်စတာရီကာအသင်းတို့နဲ့ ကစားမယ့် ခြေစမ်းပွဲအတွက် အသင်းလူစာရင်းမှာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အေဂျက်ဇ်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ယူနိုက်တက်အသင်းရဲ့ အရေးပါဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်ဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် အသင်းအတွက် ၁၀ ပွဲသာ ပါဝင်ကစားထား နိုင်ခဲ့တာပါ။

လီဆန်ဒရိုမာတီနက်ဇ်အနေနဲ့ အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားပေးပြီး ဒဏ်ရာထပ်ရရှိမှာကို ယူနိုက်တက်အသင်းက စိုးရိမ်မှုတွေရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ခံစစ်ပိုင်း ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။ 

ဘယ်နောက်ခံလူတွေဖြစ်တဲ့ လုပ်ခ်ရှောနဲ့ မာလာစီယာတို့ဟာ အနားယူနေရတာကြောင့် ဘယ်နောက်ခံအဖြစ် လင်ဒီလော့ဖ်ကို အသုံးပြုနေရတာ ဖြစ်ပါတယ်။

လုပ်ခ်ရှောဟာ ဒီရာသီမကုန်ခင် အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ရှိနေပြီး မာလာစီယာကတော့ ရာသီအကုန်ထိ အနားယူရမယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောထားတာ ဖြစ်ပါတယ်။

Source: Metro