ဟောင်ကောင်ခြေစမ်းပွဲမှာ မက်ဆီမကစားခဲ့လို့ ပရိသတ်တွေဒေါသထွက် 

CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅

ဟောင်ကောင်ရှိပရိသတ်တွေဟာ ရာသီကြိုခြေစမ်းပွဲမှာ မက်ဆီပါဝင်ကစားခဲ့ခြင်းမရှိတာကြောင့် ဒေါသထွက်ပြီး အင်တာမိုင်ယာမီအသင်းကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ တံကောက်ကြောဒဏ်ရာကြောင့် ပရိသတ် ၄၀,၀၀၀ နီးပါး အရှေ့မှာ ကစားခဲ့  ပြီး အင်တာမိုင်ယာမီအသင်းက ဟောင်ကောင်လိဂ်အကောင်းဆုံးအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ အရန်ခုံမှာသာရှိနေခဲ့တာပါ။ အဲဒါကြောင့် ဟောင်ကောင်ရှိ ပရိသတ်တွေဟာ အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းစကားပြောဆိုနေတဲ့အချိန်မှာ သူတို့ရဲ့ ငွေကိုပြန်အမ်းဖို့ အော်ဟစ်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဟောင်ကောင်အစိုးရရဲ့အားကစားပွဲကျင်းပရေးကော်မတီ(MSEC)က “ဒီပွဲမှာ မက်ဆီမကစားခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရအပြင် ဘောလုံးပရိသတ်တွေအားလုံးဟာ ပွဲစီစဉ်သူရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီးအလွန်စိတ်ပျက်နေ ကြပါတယ်။ ပွဲစီစဉ်သူတွေအနေနဲ့ ဘောလုံးပရိသတ်တွေကို ရှင်းပြဖို့ တာဝန်ရှိပါတယ်” လို့ ပြောခဲ့တာပါ။

MSEC က ဒီပွဲဖြစ်မြောက်ဖို့ ကွင်းအတွက် ဟောင်ကောင်ဒေါ်လာ ၁ သန်းထောက်ပံ့ပေးခဲ့သလို ပွဲအတွက် ဟောင်ကောင် ဒေါ်လာ ၁၅ သန်းပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒီပွဲကို စီစဉ်တဲ့သူတွေဟာ ပရိသတ်ပေါင်း ၃၈,၃၂၃ ဦးရေဝင်ဆံ့တဲ့ ဟောင်ကောင်အားကစားကွင်းအတွင်း လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေကို လက်မှတ် တစ်စောင် ဟောင်ကောင်ဒေါ်လာ ၁ ထောင်ကျော်နဲ့ ရောင်းချခဲ့တာပါ။ ခြေစမ်းပွဲကို မက်ဆီအပြင် ဒူးဒဏ်ရာ ရရှိနေတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်လည်း ပါဝင်ကစားခဲ့ခြင်းမရှိပါဘူး။

အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက “မက်ဆီနဲ့ ဆွာရက်ဇ်မပါဝင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို ကျနော်နားလည်ပြီး ဒီအတွက်လည်းတောင်းပန်ပါတယ်။ ဒါက ကျနော်တို့ဆေးအဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်ကြောင့် သူတို့ကို ကျနော်တို့ အသုံးမပြုခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၄ ခုနှစ်မေဂျာလိဂ်ရာသီသစ်မစတင်ခင်မှာ ခြေစမ်းပွဲ ၅ ပွဲကစားထားပြီး ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၃ ပွဲရှုံးနိမ့်ထားတာဖြစ်ပါတယ်။ 

Source:BBC