CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၀

စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာက လာမယ့်ရာသီဟာ သူ့ရဲ့ မန်စီးတီးအသင်း နည်းပြဘဝ နောက်ဆုံးရာသီ ဖြစ်နိုင်တယ်လို့ ဒီရာသီ ပရီးမီးယားလိဂ် ဆုဖလားကို ရယူအပြီးမှာ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ကျနော်ဟာ ဆက်ရှိဖို့ထက် ထွက်ခွာဖို့ ပိုပြီးနီးစပ်နေပါပြီ။ ကျနော်ကလပ်နဲ့ စကားပြောခဲ့ပြီးပြီ ဖြစ်ပြီး ကျနော့်ခံစားချက်က အခုဆက်ပြီးရှိချင်ပါတယ်။ လာမယ့်ရာသီ ဆက်ရှိမှာဖြစ်ပြီး ဒီရာသီအတွင်းမှာလည်း ကျနော်တို့ စကားပြောဆိုမှုတွေ ပြုလုပ်သွားဦးမှာပါ”လို့ ပြောပါတယ်။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စံချိန်တင် ၄ နှစ်ဆက်တိုက် ချန်ပီယံဆု ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းနဲ့ ဂွာဒီယိုလာတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ် ဘောလုံးရာသီ အကုန်ကျရင် ကုန်ဆုံးမှာ ဖြစ်ပြီး စပိန်လူမျိုးနည်းပြကတော့ စာချုပ်သစ် ထပ်မချုပ်ဘဲ ထွက်ခွာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၈ နှစ်အတွင်းမှာ ဆုဖလားပေါင်း ၁၅ ခုအထိ ရယူပေးနိုင်ခဲ့ တာဖြစ်ပြီး FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ရင် ၁၆ ခုမြောက် ဆုဖလားကို ရရှိမှာဖြစ်ပါတယ်။

 မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာကို တွေ့ရစဉ်

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းကို ရာသီရဲ့ နောက်ဆုံးနေ့အထိ ချန်ပီယံဆုအတွက် တွန်းအား ပေးနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းကို ဂွာဒီယိုလာက ချီးကျူးခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂ ရာသီဆက်တိုက် မန်စီးတီးအသင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။

ဂွာဒီယိုလာက “အရင်က လီဗာပူးလ်က ကျနော်တို့ကို တွန်းအားပေးခဲ့ပြီး အခု အာဆင်နယ်က တွန်းအားပေးနေ ပါပြီ။ အာတီတာ၊ သူ့ရဲ့ဝန်ထမ်းတွေနဲ့ ကစားသမားတွေကို ချီးကျူးဂုဏ်ပြုချင်ပါတယ်။ သူတို့ဟာ မယုံနိုင်လောက် စရာ ရာသီရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီလိုအဆင့်မျိုးမှာ ရပ်တည်နေတာကြောင့် ကျနော်တို့ဟာ လာမယ့်နှစ်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချရမယ်”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ မေ ၂၅ ရက်မှာ FA ဖလားဗိုလ်လုပွဲအဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN