CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၀

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ဟာ ကလပ်အသင်း ပရိသတ်တွေရှေ့မှာ သူ့နေရာကို ဆက်ခံမယ့် နည်းပြသစ် အာနီဆလော့ရဲ့ နာမည်ကို သီဆိုပြီး အသင်းကို နှုတ်ဆက်မှု ပြုလုပ်ခဲ့ပါတယ်။

ကလော့ပ်က “နည်းပြသစ် အာနီဆလော့ရဲ့ နာမည်ကို သီဆိုစေချင်ပါတယ်။ လာမယ့်ရာသီသစ်ကို နည်းပြသစ်နဲ့ အပြည့်အဝ စတင်လိုက်ပါ။ အစပိုင်းမှာတင် ယုံကြည်မှုကို ဆက်ထိန်းသိမ်းရမှာဖြစ်ပြီး ယုံကြည်မှုကို မရပ်တန့် လိုက်ပါနဲ့။ လူအများအပြား ငိုနေတာတွေ့တော့ ကျနော်လည်း ငိုချင်ပါတယ်။ ဒါပေမယ့် အပြောင်းအလဲက ကောင်းပါတယ်။ ကလပ်ရဲ့သမိုင်းမှာ အစိတ်အပိုင်း ဖြစ်ခွင့်ရခဲ့လို့ အလွန်ဝမ်းသာမိပါတယ်”လို့ ပြောပါတယ်။

လီဗာပူးလ်အသင်းက ဝုလ်ဗ်စ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲဟာ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်း နည်းပြဘဝ နောက်ဆုံးပွဲစဉ်ဖြစ်ပါတယ်။

ပွဲအပြီးမှာ ကလော့ပ်ဟာ လီဗာပူးလ်အသင်း ပရိသတ်တွေကို နှုတ်ဆက်မှု ပြုလုပ်ခဲ့တာမှာ နည်းပြသစ်ဖြစ်လာ မယ့် အာနီဆလော့ရဲ့ နာမည်ကို သီဆိုစေခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ နည်းပြ ကလော့ပ် လက်ထက်မှာ ယူရိုပါလိဂ်ဖလားကလွဲပြီး ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတိုင်းမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အာနီဆလော့ကို တွေ့ရစဉ်

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက လီဗာပူးလ်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ကလော့ပ်ဟာ ပွဲပေါင်း ၄၉၁ ပွဲ ကိုင်တွယ်ခဲ့တာမှာ နိုင်ပွဲ ၂၉၉ ပွဲ ရယူခဲ့ပြီး အနိုင်ရာခိုင်နှုန်း ၆၀.၉ အထိ ရှိခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ နည်းပြသစ်အဖြစ် အာနီဆလော့ကို ခန့်အပ်ကြောင်း မကြာခင်မှာ တရားဝင် ကြေညာသွား ဖွယ်ရှိနေပါတယ်။ 

ဒတ်ချ်လူမျိုးနည်းပြ ကိုယ်တိုင်က သူဟာ လာမယ့်ရာသီ လီဗာပူးလ်အသင်းကို ကိုင်တွယ်မယ်လို့ အတည်ပြုခဲ့ပြီး ဖီယင်နုအသင်း ပရိသတ်တွေကို နှုတ်ဆက်မှု ပြုလုပ်ခဲ့ပါတယ်။

အာနီဆလော့ဟာ ဖီယင်နုအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၃ ရာသီမှာ ဒတ်ချ်အမှတ်ပေးလိဂ်နဲ့ ဒတ်ချ်ဖလားတို့ကို ၁ ကြိမ်စီ ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: ESPN