CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၀

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ အောင်မြင်ခဲ့ခြင်း မရှိတာကြောင့် FA ဖလား ချန်ပီယံဆုရယူနိုင်ဖို့ အရာအားလုံး လုပ်ရမယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ပရိသတ်တွေကို ပိုင်ဆိုင်ထားပါတယ်။ ဒီရာသီမှာ ကျနော်တို့ဟာ လုံလောက်မှု မရှိခဲ့ပေမယ့် ပရိသတ်တွေဟာ ကျနော်တို့နဲ့အတူ ရှိနေပါတယ်။ သူတို့ဟာ ဆိုးရွားတဲ့ ရာသီနဲ့ အဆိုးဆုံး အချိန်တွေမှာလည်း အတူရှိနေခဲ့ပါတယ်။ အဲဒါကြောင့် ကျနော်တို့ သူတို့ကို ပြန်ပေးဆပ်ရမှာ ဖြစ်ပြီး လာမယ့်အပတ်မှာ ဆုဖလားရယူနိုင်ဖို့ အရာအားလုံးလုပ်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ ဘရိုက်တန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၈ နဲ့ ရာသီအဆုံးသတ်ခဲ့ပြီး အဆိုးရွားဆုံး အဆင့် ရပ်တည်မှုလည်း ဖြစ်ခဲ့တာပါ။ 

 ယူနိုက်တက်အသင်းကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ဒီရပ်တည်မှုကြောင့် လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိချင်ရင် FA ဖလား ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

FA ဖလားဗိုလ်လုပွဲ ရလဒ်ဟာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ ယူနိုက်တက်အသင်း အနာဂတ်အပေါ်မှာလည်း အများကြီး သက်ရောက်မှုရှိနေတာပါ။ 

ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ကတော့ ယူနိုက်တက်အသင်း ရလဒ်တွေဆိုးချိန်မှာ အားပေးထောက်ခံခဲ့တဲ့ အသင်းပရိသတ်တွေကို ကျေးဇူးတင်တဲ့အတွက် FA ဖလားကို ရယူပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ FA ဖလားဗိုလ်လုပွဲအဖြစ် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ မေလ ၂၅ ရက် ဝင်ဘာလေ ကွင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: besoccer