CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၁

ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြ တူချယ်လ်ရဲ့ နေရာမှာ ဆက်ခံဖို့အတွက် ဘန်လေအသင်းနည်းပြ ကွန်ပနီကို ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ နာမည်ကြီး ဂျာနယ်လစ်တွေဖြစ်တဲ့ ဖာဘရီဇီယိုရိုမန်နိုနဲ့ ခရစ္စတီယန်ဖော့ခ် တို့က ဖော်ပြထားပါတယ်။

ကွန်ပနီဟာ ဘန်လေအသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ထံ တန်းတက်နိုင်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ ပေမယ့် တစ်ရာသီအကြာမှာ ချန်ပီယံရှစ်ကို တန်းပြန်ဆင်းခဲ့ရတာပါ။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့နဲ့ ပတ်သက်ပြီး အတွင်းပိုင်းမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်အသင်း လိုချင်တဲ့ပုံစံနဲ့ ကိုက်ညီမှု ရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားတာပါ။

ကွန်ပနီကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ကလပ်အသင်း အချို့ကလည်း စောင့်ကြည့်နေတယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ပြောထားတာ ဖြစ်ပါတယ်။ 

ဘရိုက်တန်အသင်းဟာ နည်းပြ ဒီဇာဘီ ထွက်ခွာသွားတာကြောင့် ကွန်ပနီကို နည်းပြအဖြစ် ခန့်အပ်ဖို့ စိတ်ဝင် စားနေတာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းကို တွေ့ရစဉ်

ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအချိန်မှာ နည်းပြသစ် ရှာဖွေမှု အဆင်မပြေဖြစ်နေတဲ့အတွက် တူချယ်လ်ကို အသင်းမှာ ဆက်ထားဖို့ ကြိုးစားခဲ့တာမှာလည်း သဘောတူညီမှု မရရှိခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အဆင့် ၃ နဲ့ ရာသီ အဆုံးသတ်ခဲ့ပြီး ဆုဖလား အောင်မြင်မှုလည်း မရခဲ့တာကြောင့် ဆိုးရွားတဲ့ရာသီ ဖြစ်ခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီအပြင် ရော်ဂျာရှမစ်၊ ဇီဒန်း၊ ဟန်ဆီဖလစ်ခ်နဲ့ မော်ရင်ဟိုတို့ကိုလည်း နည်းပြ ရာထူးအတွက် ချိတ်ဆက်မှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ကွန်ပနီနဲ့ ဘန်လေအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိနေပါတယ်။

ကွန်ပနီဟာ ဘန်လေအသင်းနဲ့အတူ ဆိုးရွားတဲ့ရာသီကို ဖြတ်သန်းခဲ့ပြီးနောက် အနားယူမှုတွေ ပြုလုပ်ပြီးမှသာ အနာဂတ်ကို ဆုံးဖြတ်ဖို့ ဘန်လေအသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Source: Goal