CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကို ဆက်သွယ်ပြီး သူ့ရဲ့ နည်းပြအဖွဲ့ဝင်ထဲမှာ ပါဝင်ဖို့အတွက် ဆွေးနွေးမှု ပြုလုပ်ချင်နေတယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါ တယ်။ 

နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းအတွက် ကစားခဲ့တဲ့ ၂၁၉ ပွဲမှာ ၁၅၀ ဂိုးသွင်းယူခဲ့ပြီး အသင်းရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ရပ်တည်ခဲ့တာပါ။

ဒတ်ချ်ကစားသမားဟာ ယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့အချိန်အတွင်း ပရီးမီးယားလိဂ်၊ FA ဖလား၊ လိဂ်ဖလား နဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူနိုင်ခဲ့ပြီးနောက် ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 

၂၀၁၂ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ နယ်သာလန်အသင်းမှာ လက်ထောက်နည်းပြ ၂ ကြိမ်လုပ်ခဲ့ပြီး အသင်းကြီးနည်းပြအဖြစ် PSV အသင်းကို ကိုင်တွယ်ခဲ့တာပါ။

နစ္စတယ်ရွိုင်းဟာ PSV အသင်းကို ဒတ်ချ်ဖလားနဲ့ ဒတ်ချ်စူပါဖလား ရယူပေးနိုင်ခဲ့ပေမယ့် ကလပ်ရဲ့ပံ့ပိုးပေးမှု အားနည်းတာကြောင့် တစ်ရာသီသာ ကိုင်တွယ်ပြီး ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ 

နစ္စတယ်ရွိုင်းဟာ မကြာသေးခင်က ပရီးမီးယားလိဂ် တန်းတက်ကလပ် လက်စတာအသင်း နည်းပြရာထူးအတွက် သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်စတာအသင်းဟာ စတိဗ်ကူးပါးကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။ 

နစ္စတယ်ရွိုင်းကို တွေ့ရစဉ်

ဒါအပြင် နစ္စတယ်ရွိုင်းဟာ ကွန်ပနီထွက်ခွာသွားတဲ့ ဘန်လေအသင်းရဲ့ နည်းပြရာထူးအတွက်လည်း ချိတ်ဆက် ခံနေရတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ အဲရစ်တန်ဟတ်ဟာ နစ္စတယ်ရွိုင်းကို ယူနိုက်တက်အသင်းမှာ သူ့ရဲ့နည်းပြ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ ချဉ်းကပ်မှုပြုလုပ်ခဲ့ပြီး ကစားသမားကလည်း အိုးထရက်ဖို့ဒ်ထံ ပြန်လာဖို့ စိတ်ဝင်စားနေတယ်လို့ နာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားတာပါ။ 

လာမယ့်ရာသီ ယူနိုက်တက်အသင်း နည်းပြအဖြစ် ဆက်ရှိမယ့် အဲရစ်တန်ဟတ်ဟာ သူ့ရဲ့နည်းပြအဖွဲ့ကို ပြောင်းလဲမှုတွေ ပြုလုပ်ချင်နေတာကြောင့် နစ္စတယ်ရွိုင်းကို ခေါ်ယူအားဖြည့်ချင်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၈ နဲ့ အဆိုးရွားဆုံး ရပ်တည်မှု ဖြစ်ခဲ့ပေမယ့် FA ဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Metro