CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅

ခရိုအေးရှားအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကနေ ထွက်ခွာရဖို့ သေချာသလောက် ရှိနေပေမယ့် အသင်းခေါင်းဆောင် မိုဒရစ်က သူဟာဆက်ပြီးကစားဦးမယ်လို့ ကတိပြုခဲ့ပါတယ်။

မိုဒရစ်က “ကျနော်ဟာ အမြဲတမ်း ဘောလုံးကစားချင်ပေမယ့် ဒါက မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ တစ်နေ့ကျရင်တော့ ကျနော်ဟာ ကစားတာကနေ အနားယူကြောင်းကို ကြေညာရမှာပါ။ ဒါပေမယ့် ဒါက ဘယ်တော့ ဖြစ်လာမလဲဆိုတာ ကျနော်မသိပါဘူး။ အခုအချိန်မှာတော့ ကျနော်ဟာ ဆက်ကစားသွားမှာဖြစ်ပြီး ဘယ်လောက်ကြာကြာ ကစားနိုင်မလဲဆိုတာ မသိပါဘူး”လို့ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ တာပါ။

ခရိုအေးရှားအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ အီတလီအသင်းနဲ့ ကစားခဲ့ တာမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ 

ဒီပွဲစဉ်မှာ မိုဒရစ်ဟာ ခရိုအေးရှားအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် မိနစ် ၉၀ ပြည့်ပြီး နာကျင် အချိန်ပို ၈ မိနစ်မှာ အီတလီအသင်းက ချေပဂိုး သွင်းယူနိုင်ခဲ့တာပါ။

အီတလီအသင်းဟာ ဒီရလဒ်ကြောင့် အုပ်စုဒုတိယနဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပေမယ့် ခရိုအေးရှားအသင်းက အုပ်စုတတိယနေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

မိုဒရစ်ကို တွေ့ရစဉ်

ခရိုအေးရှားအသင်းဟာ ရမှတ် ၂ မှတ်ပဲ ရရှိထားသလို ဂိုးကွာခြားချက်မှာလည်း အနုတ်ဖြစ်နေတာကြောင့် အကောင်းဆုံးအုပ်စု တတိယနေရာ ရဖို့လည်း မလွယ်ကူတဲ့အတွက် ယူရို ၂၀၂၄ ပြိုင်ပွဲကနေ စောစီးစွာ လှည့်ပြန် ရဖို့ ရှိနေတာပါ။

ဒီပွဲမှာ ခရိုအေးရှား အသင်းအတွက် ဂိုးသွင်းယူခဲ့တဲ့ မိုဒရစ်ဟာ အသက် ၃၈ နှစ် ၂၈၉ ရက်နဲ့ ယူရိုပြိုင်ပွဲမှာ အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ 

မိုဒရစ်ဟာ ခရိုအေးရှားအသင်းရဲ့ ရလဒ်ကြောင့် စိတ်ပျက်နေပေမယ့် ဆက်ကစားဦးမယ်လို့ ပြောခဲ့တာပါ။

၂၀၀၆ ခုနှစ်ကတည်းက ခရိုအေးရှားအသင်းအတွက် ပွဲထွက်ခဲ့တဲ့ မိုဒရစ်ဟာ နိုင်ငံအသင်းအတွက် ၁၇၈ ပွဲ ကစားထားပြီး ၂၆ ဂိုး သွင်းယူကာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယ၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယ ရရှိအောင် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: ESPN