CNI International News

နယူးဒေလီ၊ နိုဝင်ဘာ ၂

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့သည် ရထားလမ်းကွန်ရက် ချိတ်ဆက်မှုနှစ်ခုနှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တစ်ခု တည်ဆောက်ရေး စီမံကိန်းများကို နိုဝင်ဘာ ၁ ရက်က စတင်လုပ်ဆောင်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ခိုင်မာအားကောင်းသည့် အတိုက်အခံများ၏ ဆန္ဒပြမှုများ ဖြစ်ပွားနေသည့် အချိန်မှာပဲ ဒေသ တွင်း ဆက်သွယ်မှုများနှင့် စွမ်းအင်လုံခြုံရေးတို့ကို မြှင့်တင်ရန် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) တို့သည် အိန္ဒိယက ထောက်ပံ့ပေးထားသည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ၃ ခုကို ဗွီဒီယို ဆက်သွယ်မှုမှတစ်ဆင့် ပူးတွဲ ဖွင့်လှစ်ခဲ့သည်။

အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်တွင် ခူလ်နာမြို့နှင့် မွန်ဂလာ ဆိပ်ကမ်းကို ဆက်သွယ်ဖောက်လုပ်မည့် (Khula-Mongla) ရထားလမ်းအတွက် ဒေါ်လာ ၃၈၈ ဒသမ ၉၂ သန်း ထောက်ပံ့ပေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရထားလမ်း အချက်ပြနေစဉ်

ထို့ပြင် အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်အတွက် လျှပ်စစ်ဓာတ်အား ၁၃၂၀ မဂ္ဂါဝပ်ရှိသည့် အပူစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက်လည်း ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ ထောက်ပံ့ပေးခဲ့သည်ဟု အိန္ဒိယ၏ ပြည်ပရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၌ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဦးဆောင်သည့် အစိုးရအဖွဲ့ကို နုတ်ထွက်ရန်နှင့် ကြားဖြတ် အစိုးရအဖွဲ့ ဖွဲ့စည်းပြီး အာဏာလွှဲပြောင်းပေးရန် တောင်းဆိုသည့် ဆန္ဒပြမှုများ ဖြစ်ပွားနေသည်။

အောက်တိုဘာ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း လူ ၆ ဦးထက်မနည်း သေဆုံးကာ လူပေါင်း ဒါဇင်ချီ ဒဏ်ရာရခဲ့သည်ဟု အရာရှိများက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်

ရှိတ်ဟာစီနာသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနှင့် နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နေသော်လည်း အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်တွင် လက်ရှိဖြစ်ပွားနေသည့်် ဆူပူအုံကြွမှုများ နှင့်ပတ်သက်ပြီး တိုက်ရိုက် မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာ (Dhaka) မြို့တော် အခြေစိုက် အမေရိကန်နှင့် အနောက်နိုင်ငံများမှ အစိုးရများက တော့ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် အတိုက်အခံများကို ပြေလည်မှုရရှိအောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် နှင့် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲ ကျင်းပရန် တိုက်တွန်းခဲ့သည်။ 

တရုတ်နှင့် ရုရှားနိုင်ငံတို့ကမူ အမေရိကန်သည် ဘင်္ဂလားဒေ့ရှ်၏ ပြည်တွင်းရေးနှင့် နိုင်ငံရေးကိစ္စများကို ကြားဝင် စွက်ဖက်နေသည်ဟု မကြာသေးမီလများအတွင်းက စွပ်စွဲခဲ့ပြီး လာမည့်နှစ် ဇန်နဝါရီလတွင် ပြုလုပ်မည့်် ရွေးကောက်ပွဲအတွက် အစိုးရနှင့် အတိုက်အခံများကြား ဆွေးနွေးကြရန် တိုက်တွန်းခဲ့သည်။ 

Source: အေပီ