CNI International News

နယူးဒေလီ၊ ဇွန်လ ၂၆

အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား စစ်ပညာသင်ကြားရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေး ထိုးခဲ့ကြောင်း Devdiscourse သတင်းဝက်င်္ဘဆိုက်မှ ဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံ၊ တမီလ်နားဒူး (Tamil Nadu) ပြည်နယ်၊ ဝယ်လင်တန် (Welligton) မြို့ရှိ ကာကွယ်ရေးတပ်ဖွဲ့များ ဝန်ထမ်းကောလိပ် (DSSC) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာ (Dhaka) မြို့တော်ရှိ ကာကွယ်ရေးတပ်ဖွဲ့များဌာန ဆိုင်ရာနှင့် ဝန်ထမ်းကောလိပ် (DSCSC) တို့အကြား မဟာဗျူဟာနှင့် စစ်ဆင်ရေးဆိုင်ရာ ဘာသာရပ်များ နယ်ပယ် တွင် စစ်ပညာသင်ကြားရေး ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheik Hasina) ၏ အိန္ဒိယခရီးစဉ်အတွင်း ဇွန်လ ၂၂ ရက်က ထိုနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ထိုကောလိပ်နှစ်ခုစလုံးသည် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များမှ အရာရှိများကို စစ်သင်တန်းများ သင်ကြားပို့ချမည် ဖြစ်ပြီး အရာရှိများ၏ ကွပ်ကဲနိုင်မှု စွမ်းဆောင်ရည်များနှင့် ဝန်ထမ်းအရည်အသွေးများကို မြှင့်တင်ပေးမည် ဖြစ်သည်။

မိုဒီနဲ့ရှိတ်ဟာစီနာကို တွေ့ရစဉ်

ထို့ပြင် တူညီသည့် သင်ရိုးညွှန်းတမ်း၊ နည်းပညာတို့နှင့်အတူ တူညီမှုရှိသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် နှစ်နိုင်ငံ ထိတွေ့ဆောင်ရွက်မှုများအား ပိုမိုမြင့်တက်စေရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပြီး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ထိုနားလည်မှု စာချွန်လွှာသည် ပရော်ဖက်ရှင်နယ် အမြင်ထက်မြက်မှုကို မြင့်တက်စေရန်၊ မဟာဗျူဟာမြောက် အရေးကိစ္စများတွင် နက်ရှိုင်းစွာ ထိုးထွင်းသိမြင်စေရန်၊ သင်တန်းသား အရာရှိများ၏ ပညာရေး စွမ်းဆောင်ရည် များကို ပိုမိုမြင့်တက်စေရန်၊ လက်တွေ့နှင့် စာတွေ့ ကျွမ်းကျင်မှုများကို ဖြစ်မြောက်စေရန် တို့အတွက် အထောက်အကူပြုလိမ့်မည်ဖြစ်သည်။

ထို့ပြင် လေ့ကျင့်ရေး အစီအစဉ်များ၊ ပူးတွဲနှီးနှောဖလှယ်ပွဲများ၊ စွမ်းဆောင်ရည်များ အပြန်အလှန်မျှဝေမှုများ၊ သင်တန်းနည်းပြများ၏ လာရောက်ကြည့်ရှုသည့် ခရီးစဉ်များကိုလည်း လွယ်ကူချောမွေ့ စေမည်ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi) ၏ ဖိတ်ကြားချက်အရ ဇွန်လ ၂၁ ရက်က အိန္ဒိယနိုင်ငံသို့ ၂ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

 အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် စစ်ပညာသင်ကြားရေး MoU လက်မှတ်ထိုးစဉ်

ထိုခရီးစဉ်သည် အိန္ဒိယလွှတ်တော် ရွေးကောက်ပွဲတွင် မိုဒီက တတိယသက်တမ်းကို အနိုင်ရရှိခဲ့ပြီးနောက် ရှိတ်ဟာစီနာ၏ ပထမဆုံး နိုင်ငံတော်ခရီးစဉ်ဖြစ်သည်။

ရှိတ်ဟာစီနာသည် ဇွန်လ ၉ ရက်က ဝန်ကြီးချုပ်မီုဒီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့သည့် ကမ္ဘာ့ ခေါင်းဆောင်များထဲတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး နိုင်ငံအကြား လွတ်လပ်မှု၊ ပွင့်လင်းမှု၊ ဘက်စုံပါဝင်မှု၊ လုံခြုံမှု၊ စည်းမျဉ်းအခြေပြုမှုရှိသည့် အင်ဒို-ပစိဖိတ်ဒေသဖြစ်စေရန် ၎င်းတို့၏ ကတိကဝတ်များကို ထပ်လောင်း အတည်ပြု ခဲ့သည်။

ထို့ပြင် အင်ဒို-ပစိဖိတ် သမုဒ္ဒရာဆိုင်ရာ အစီအစဉ် (IPOI) ၏ ဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍကို ပူးပေါင်း ဦးဆောင်သွားမည်ဖြစ်သလို နှစ်နိုင်ငံစလုံး၏ ဘုံအကျိုးစီးပွားများ၊ အထူးသဖြင့် ကမ္ဘာ့တောင်ခြမ်း ဒေသတွင်ရှိသည့် နိုင်ငံများ၏ အကျိုးစီးပွားများကို မြှင့်တင်ရန် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်များအား အတူတကွ ပူးပေါင်းဆောင်ရွက်ရန်လည်း ကတိပြုခဲ့ကြသည်။ 

Source: Devdiscourse