CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆

ဟောင်ကောင်မှာကစားခဲ့တဲ့ ခြေစမ်းပွဲမှာ မပါဝင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို ကြုံတွေ့ခဲ့ရတဲ့ မက်ဆီက တိုကျိုခြေစမ်းပွဲမှာ အင်တာမိုင်ယာမီအသင်းနဲ့အတူ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါ တယ်။

မက်ဆီက “ဒီခြေစမ်းပွဲမှာ ပါဝင်နိုင်မလားဆိုတာ သေချာမသိသေးပေမယ့် ကျနော်ဟာ ပြီးခဲ့တဲ့ရက် အနည်းငယ် ကထက် အများကြီးပိုကောင်းနေတယ်လို့ ခံစားနေရပါတယ်။ လေ့ကျင့်ရေးမှာ ဘယ်လိုဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပြီး ဒီပွဲကို ကျနော်တကယ် ကစားချင်ပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ ဟောင်ကောင်ခြေစမ်းပွဲမှာ အင်တာမိုင်ယာမီအသင်းဟာ မက်ဆီကို အသုံးမပြုခဲ့တာကြောင့် ပရိသတ် တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရသလို သူတို့ရဲ့ လက်မှတ်ခတွေကို ပြန်အမ်းပေးဖို့ အော်ဟစ်မှုတွေ ပြုလုပ်တာ လည်းခံခဲ့ရတာဖြစ်ပါတယ်။ မက်ဆီက သူ့ရဲ့ ကြွက်သားတွေရောင်ရမ်းနေတာကြောင့် ဒီပွဲကို မကစားနိုင်ခဲ့တဲ့ အတွက် အလွန်စိတ်ပျက်မိတယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ပြောခဲ့တာပါ။

 

မက်ဆီက “ကျနော်ဒီပွဲကို ပါဝင်ချင်ခဲ့ပေမယ့် ဒဏ်ရာကမသက်သာသလိုခံစားနေခဲ့ရပါတယ်။ အဲဒါကြောင့် ကျနော့်အတွက် ကစားနိုင်ဖို့က အလွန်ခက်ခဲခဲ့ပါတယ်။ လူတွေက ကျနော်ပါဝင်ကစားတာကို ကြည့်ဖို့ စောင့်ဆိုင်းနေတယ်ဆိုတာ နားလည်ပါတယ်။ အဲဒါကြောင့် ဟောင်ကောင်မှာ ကစားခွင့်ရဖို့ နောက်ထပ် အခွင့်အရေးတွေရလာဖို့ ကျနော်မျှော်လင့်တယ်”လို့ ပြောခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ တိုကျိုခြေစမ်းပွဲအဖြစ် ဂျေလိဂ်ချန်ပီယံ ဗစ်ဆဲလ်ကိုဘီအသင်းနဲ့ ဖေဖော်ဝါရီ ၇ ရက်မှာယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Source:ChannelNewsAsia