![](/images/yuuyuyuyuyuyu.jpg#joomlaImage://local-images/yuuyuyuyuyuyu.jpg)
- By CNI
- Category: စီးပွားရေး
- Hits: 164
CNI International News
ဘန်ကောက်၊ မတ်လ ၂၈
ဒစ်ဂျစ်တယ် ငွေကြေးထောက်ပံ့မှု အစီအစဉ်နှင့်ပတ်သက်ပြီး ဧပြီ ၁၀ ရက်တွင် ကြေညာရာမှာ သတင်းကောင်း များကို ကြားရလိမ့်မည်ဟု ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin)က မတ်လ ၂၇ ရက်၌ ပြောကြားခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ထိုအစီအစဉ်နှင့် ပတ်သက်ပြီး မတ်လ ၂၇ ရက်က အစည်းအဝေး ပြုလုပ်ခဲ့ရာတွင် ဒစ်ဂျစ်တယ် ငွေကြေးထောက်ပံ့ ရေးအစီအစဉ်၏ ဘုတ်အဖွဲ့သည် ဧပြီ ၁၀ ရက်တွင် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ ထိုအစီအစဉ်နှင့် ပတ်သက်သည့် အချက်များကို ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း ဆရီသာက ပြောကြားခဲ့သည်။
ထိုအစီအစဉ်တွင် ပါဝင်မည့် ဘဏ္ဍာရေး အင်စတီကျူရှင်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များက အသုံးပြုမည့် နည်းပညာနှင့်ပတ်သက်ပြီး တင်ပြမည်ဖြစ်ကာ တရားရေးကိစ္စများကို တော်ဝင်ထိုင်းရဲတပ်ဖွဲ့က ကိုင်တွယ် ဖြေရှင်း လိမ့်မည်ဟု ဆရီသာက ပြောသည်။
ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်ရဲ့ ဒစ်ဂျစ်တယ်ငွေကြေး အစီအစဉ်ကို ထောက်ပြနေကြစဉ်
ထိုအစီအစဉ်နှင့် ပတ်သက်သည့် သတင်းအချက်အလက် အားလုံးကို စုဆောင်းသွားမည်ဖြစ်ပြီး နောက်ဆုံး အတည်ပြုချက်ရရှိရန် ဧပြီလအတွင်း အစိုးရအဖွဲ့ကို တင်သွင်းသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်၏ စတုတ္ထ လေးလပတ်ကာလတွင် ထောက်ပံ့ငွေများ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။
အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) နှင့် ထိုင်းဗဟိုဘဏ်တို့လည်း ထိုအချိန် ကာလ သတ်မှတ်မှုကို သဘောတူညီခဲ့ပြီး လက်ထောက်ဘဏ္ဍာရေးဝန်ကြီး ဂျူလာပန် အာမွန်ဗီဗက် (Julapun Amornvivat) ကလည်း ထိုအချိန်ကာလ သတ်မှတ်မှုကို ယခင်ကတည်းက တင်ပြခဲ့ပြီးဖြစ်ကြောင်း ဆရီသာက ပြောကြားခဲ့သည်။
ဘတ်ငွေ သန်း ၅၀၀ အတွက် လိုအပ်သည့် အရင်းအမြစ်များကို ဧပြီ ၁၀ ရက်တွင် ရှင်းရှင်းလင်းလင်း သိရစေရန် လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောသည်။
ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှုနှုန်း လျော့ကျခဲ့ ပြီးနောက် စီးပွားရေးကို နှိုးဆွရန် ငွေကြေးအများအပြား အသုံးပြုရန် လိုအပ်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က အလေးထား ပြောဆိုခဲ့သည်။
Source: Thai PBS World
![](/images/jhgfhjfhgf.jpg#joomlaImage://local-images/jhgfhjfhgf.jpg)
- By CNI
- Category: စီးပွားရေး
- Hits: 214
CNI International News
တိုကျို မတ်လ ၂၃
ယခုသီတင်းပတ်အတွင်း ဂျပန်၏ ဗဟိုဘဏ်သည် ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချေးငွေအတိုးနှုန်း များကို တိုးမြှင့်ပြီး အပြုသဘောမဆောင်သည့် အတိုးနှုန်းမူဝါဒအား ဖျက်သိမ်းခဲ့သဖြင့် ဂျပန်စီးပွားရေး လုပ်ငန်း ရှင်များနှင့် ပြည်သူများအကြား စိုးရိမ်မှုများ ရှိလာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဂျပန်ဗဟိုဘဏ်၏ လုပ်ဆောင်ချက်သည် ဆယ်စုနှစ်များအတွင်း ဂျပန်တွင် တစ်ကြိမ်တစ်ခါမှ မြင်တွေ့ခဲ့ရခြင်း မရှိသည့် အခြေအနေသစ်များကို တံခါးဖွင့်ပေးရာရောက်ပြီး ဘဏ်မှ ငွေချေးမည်ဆိုပါက အတိုးနှုန်းများ ပိုမို ပေးသွင်းရမည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
ထိုအခြေအနေကို စိုးရိမ်နေသူများထဲတွင် တိုကျိုအခြေစိုက် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဆာတိုအာကီ ကာနို (Satoaki Kanoh) လည်း တစ်ဦး အပါအဝင်ဖြစ်သည်။
ကာနိုက အက်ခရီလစ် မှန်ပြားများ ပြုလုပ်သည့် ၎င်း၏ ကုမ္ပဏီတွင် ဟောင်းနွမ်းနေသော စက်ယန္တရားများကို အသစ်လဲလှယ်ရန် ငွေကြေးများ လိုအပ်နေကြောင်း ပြောကြားခဲ့သည်။
သို့သော် ထိုကဲ့သို့ စက်အသစ်များ တပ်ဆင်မည်ဆိုပါက ကုန်ကျစရိတ်များ ပိုမိုများပြားလာမည့်အရေးကို စိုးရိမ်ရ ကြောင်း ၎င်းက ဆိုသည်။
တိုကျိုအခြေစိုက် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဆာတိုအာကီ ကာနိုကို တွေ့ရစဉ်
"ရှင်းရှင်းပြောရရင် တစ်နှစ်အတွင်း စက်အသစ်တွေ လဲလှယ်ချင်ပါတယ်။ ဒါပေမယ့် ကျနော့်မှာ အဲဒီလောက် ငွေကြေးမရှိပါဘူး။ တကယ်လို့ ဘဏ်က ချေးငွေယူမယ်ဆိုရင်လည်း အတိုးနှုန်းက လည်ပင်းနစ်သွားပါလိမ့်မယ်" ဟု ကာနိုက ပြောကြားခဲ့သည်။
စက်ယန္တရား အပိုင်းအစများ အသစ်လဲလှယ်မှုသည် တစ်ခုလျှင် ယန်း သန်း ၅၀ (ဒေါ်လာ ၃၃၀,၀၀၀) ခန့် ကုန်ကျ လိမ့်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိတွင် သန်းနှင့်ချီသည် ဂျပန်နိုင်ငံသားများနှင့် ကာနိုကဲ့သို့ အသေးစား စီးပွားရေး လုပ်ငန်းရှင်များသည် ချေးငွေအတိုးနှုန်း မြင့်တက်မှုနှင့် ၎င်းတို့၏ လုပ်ငန်းများ လည်ပတ်မှု အခြေအနေကို နှိုင်းဆချိန်ညှိနေကြသည်။
ကာနိုကမူ ဘဏ်မှ ချေးငွေ အတိုးနှုန်း မြင့်တက်မှုသည် စီးပွားရေးကို ရှုပ်ထွေးသွားစေနိုင်ပြီး ဂျပန်နိုင်ငံအနေဖြင့် ထိုအပြောင်းအလဲကို လျင်လျင်မြန်မြန် အသားကျနိုင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် သူ့ကုမ္ပဏီသည် ယန်း သန်း ၁၀၀ အကြွေးတင်နေသော်လည်း အတိုးနှုန်းမှာ ပုံသေ အတိုးနှုန်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
Source: ရိုက်တာ
![](/images/etetetee.jpg#joomlaImage://local-images/etetetee.jpg)
- By CNI
- Category: စီးပွားရေး
- Hits: 153
CNI International News
တိုကျို၊ မတ်လ ၂၀
ဂျပန်ဗဟိုဘဏ် (BOJ)သည် ၉ နှစ်ကြာ ကျင့်သုံးခဲ့သည့် အပြုသဘောမဆောင်သော အတိုးနှုန်းများနှင့် အစဉ်အလာမဟုတ်သည့် မူဝါဒ၏ လက်ကျန် စည်းကမ်းချက်များကို မတ်လ ၁၉ ရက်က အဆုံးသတ်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့နောက် ဆယ်စုနှစ်များစွာကြာ ကြီးမားသည့် ငွေကြေး လှုံ့ဆော်မှုနှင့်အတူ ငွေကြေး ဖောင်းပွမှုနှုန်းများအပေါ် အာရုံစိုက်မှုမှ သမိုင်းဝင် အပြောင်းအလဲတစ်ခု လုပ်ဆောင်ခဲ့သည်။
ဂျပန်၏ အတိုးနှုန်းသည် ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် မြင့်တက်ခဲ့မှုနှင့်အတူ ကျိုးပျက်လွယ်သည့် စီးပွားရေး နာလန်ထူမှုသည် ဗဟိုဘဏ်အား ချေးငွေကုန်ကျစရိတ်များ မြင့်တက်မှုအပေါ် စီမံဖြေရှင်းရန် နှေးကွေးစေခဲ့သည်။
ယခုအပြောင်းအလဲသည် ဂျပန်ဗဟိုဘဏ်က အပြုသဘော မဆောင်သည့် အတိုးနှုန်းများထဲမှ ရုန်းထွက်ရန် နောက်ဆုံး လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ မူဝါဒချမှတ်သူများသည် သမားရိုးကျ မဟုတ်သည့် ငွေကြေး အစီအမံများဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် အားထုတ်ကြိုးပမ်းလာခဲ့သည်။
ဘဏ်အုပ်ချုပ်ရေးမှူးဟောင်း ဟာရူဟီကို ကူရိုဒါကို တွေ့ရစဉ်
"ကျနော်တို့ဟာ ရေတို အတိုးနှုန်းကို ပစ်မှတ်ထားတဲ့ သာမန် ငွေကြေးမူဝါဒကို အခြားဗဟိုဘဏ်တွေလိုမျိုး ပုံမှန် အခြေအနေအတိုင်း ပြန်ပြောင်းခဲ့ပါတယ်" ဟု BOJ အုပ်ချုပ်ရေးမှူး ကာဇူအို ယူအီဒါ (Kazuo Ueda) က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"ငွေကြေးဖောင်းပွမှု အခြေအနေက ပိုမြင့်လာရင် အဲဒါက ရေတိုအတိုးနှုန်းကို မြင့်တက်စေနိုင်ပါလိမ့်မယ်" ဟု ယူအီဒါက ပြောကြားခဲ့ပြီး အတိုးနှုန်းမြှင့်တင်မည့် အချိန်ကာလကိုမူ အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။
BOJ သည် ၂၀၁၆ ခုနှစ်က ဘဏ်အုပ်ချုပ်ရေးမှူးဟောင်း ဟာရူဟီကို ကူရိုဒါ (Haruhiko Kuroda) ချမှတ်ခဲ့သည့် ဗဟိုဘဏ်နှင့် ဆက်နွှယ်သော ဘဏ္ဍာရေးအင်စတီကျူအချို့ကို အတိုးနှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်း သတ်မှတ်ပေး ခဲ့သည့် မူဝါဒကို ယခုတွင် အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
"BOJ ဟာ ဒီနေ့မှာတော့ မူဝါဒကို ပုံမှန်ပြန်လည်ဖြစ်စေတဲ့ ပထမဆုံးနဲ့ အစမ်းသဘော စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်" ဟု ဟောင်ကောင်ရှိ HSBC ဘဏ္ဍာရေးလုပ်ငန်းစုမှ အာရှရေးရာ စီးပွားရေးပညာရှင် ဖရက်ဒရစ် နျူမန် (Frederic Neumann) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
![](/images/ffrggvgg.jpg#joomlaImage://local-images/ffrggvgg.jpg)
- By CNI
- Category: စီးပွားရေး
- Hits: 153
CNI International News
ဟောင်ကောင်၊ မတ်လ ၂၀
တရုတ်နိုင်ငံသည် စီးပွားရေး စိန်ခေါ်မှုများနှင့် ရုန်းကန်နေရချိန်တွင် ဟောင်ကောင်၌ ချမ်းသာသော မိသားစုများ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပိုင်ဆိုင်မှုများကို စီမံကိုင်တွယ်ပေးရသည့် မိသားစုအကျိုးဆောင်ကုမ္ပဏီများက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအား အိန္ဒိယသို့ ရွှေ့ပြောင်းရန် မျက်စိကျလာခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
အိန္ဒိယသည် လာမည့်နှစ်များအတွင်း စီးပွားရေး သိသာစွာ ကျယ်ပြန့်လာလိမ့်မည်ဟု ထင်ကြေးပေးမှုများနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများက အာရှတွင် အိန္ဒိယ၏ ဖွံ့ဖြိုးတိုးတက်လာသည့် ဈေးကွက်များ၌ ရင်းနှီး မြှုပ်နှံရန် စီစဉ်လာခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Raffles Family Office ကုမ္ပဏီ၏ စီအီးအို ဝီလျံ ချောင်ကို တွေ့ရစဉ်
"တရုတ်နိုင်ငံနဲ့ ရင်ဘောင်တန်းပြီး အိန္ဒိယဟာ မဟာဗျူဟာကျတဲ့ နောက်ထပ် ဈေးကွက်တစ်ခုအဖြစ် ရှုမြင် ခံထားရပြီး အိန္ဒိယရဲ့ အလားအလာအပေါ် အပြုသဘောဆောင်တဲ့ ထင်ကြေးပေးမှုတွေ ရှိခဲ့ကြပါတယ်" ဟု ဟောင်ကောင်အခြေစိုက် မိသားစုအကျိုးဆောင် Raffles Family Office ကုမ္ပဏီ၏ စီအီးအို ဝီလျံ ချောင် (William Chow) က ပြောကြားခဲ့သည်။
"အိန္ဒိယဟာ ရင်းနှီးမြှုပ်နှံမှုအတွက် အဓိကအချက်အချာ နေရာတစ်ခုဖြစ်နေတယ်လို့ ကျနော်တို့ ယုံကြည်ပါ တယ်။ လက်ရှိ ကျနော်တို့ ကုမ္ပဏီဟာ ကျနော်တို့ တာဝန်ယူထားတဲ့ မိသားစုတွေရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက်အထိကို အိန္ဒိယကို ရွှေ့ပြောင်းဖို့ ချဉ်းကပ်လုပ်ဆောင်နေပါတယ်" ဟု ချောင်က ပြောကြား ခဲ့သည်။
ဟောင်ကောင်လမ်းပေါ်မှာ အိန္ဒိယအလံနဲ့လူတစ်ဦးကိုတွေ့ရစဉ်
အိန္ဒိယ၏ စတော့ဈေးကွက် ရင်းနှီးမတည်ငွေသည် ဇန်နဝါရီ ၂၃ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ဟောင်ကောင် ၏ စတော့ဈေးကွက်ကို ကျော်လွန်သွားခဲ့ကြောင်း၊ ထိုရက်က အိန္ဒိယ၏ စတော့ဈေးကွက် ရင်းနှီးမတည်ငွေသည် ဒေါ်လာ ၄ ဒသမ ၃၃ ထရီလျံ ရှိခဲ့ကာ ဟောင်ကောင်၏ စတော့ဈေးကွက် ရင်းနှီးမတည်ငွေသည် ဒေါ်လာ ၄ ဒသမ ၂၉ ထရီလျံ ရှိခဲ့သည်။
ထို့ကြောင့် အိန္ဒိယ၏ စတော့ဈေးကွက်သည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံး ဖြစ်လာခဲ့သည်ဟု SCMP က ဖော်ပြခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဆင့်သတ်မှတ်သည့် Moody အေဂျင်စီ၏ မကြာသေးမီက ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွက် အိန္ဒိယ၏ ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှုခန့်မှန်းချက်ကို ယခင် ၆ ဒသမ ၁ ရာခိုင်နှုန်းမှ ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သည်။
၂၀၂၃ ခုနှစ်တွင် အိန္ဒိယ၏ ဂျီဒီပီသည် မျှော်မှန်းထားသည်ထက် ပိုမိုမြင့်တက်ခဲ့ပြီး ခိုင်မာအားကောင်းသည့် ကုန်ထုတ်လုပ်မှုနှင့် ဆောက်လုပ်ရေး ကဏ္ဍများကြောင့် စတုတ္တ ၃ လပတ်ကာလတွင် အိန္ဒိယ၏ ဂျီဒီပီသည် ၈ ဒသမ ၄ ရာခိုင်နှုန်းအထိရှိခဲ့သည်။
Source: SCMP
![](/images/dgdfhyfghbf.jpg#joomlaImage://local-images/dgdfhyfghbf.jpg)
- By CNI
- Category: စီးပွားရေး
- Hits: 215
CNI International News
အစ္စလာမ်မာဘက်၊ မတ်လ ၁၈
တရုတ်၏ သတ္တုတွင်းကုမ္ပဏီများသည် တွင်းထွက်သတ္တု သယံဇာတများ ပေါကြွယ်ဝသည့် ပါကစ္စတန်နိုင်ငံ၏ ဂီလ်ဂျစ်-ဘယ်လ်တစ္စတန် (Galgit-Baltistan) ဒေသတွင် တရားမဝင် သတ္တုတွင်းတူးဖော်မှုများဖြင့် အမြတ်ထုတ် နေကြောင်း ဟောင်ကောင်ပို့စ်မှ ဖော်ပြခဲ့သည်။
ယခုလ အစောပိုင်းက ဂီလ်ဂျစ်-ဘယ်လ်တစ္စတန်ဒေသ စကာဒူ (Skardu) မြို့တွင် တရုတ်နိုင်ငံသား တစ်ဦးသည် တရားမဝင် သတ္တုတွင်းတူးဖောက်မှုများနှင့် ပတ်သက်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။
ထိုတရုတ်နိုင်ငံသားနှင့်အတူ အဖြိုက်သတ္တု (mica) ၆၅ တန်ကို တွေ့ရှိခဲ့ပြိး ဂီလ်ဂျစ်-ဘယ်လ်တစ္စတန်ဒေသတွင် တရားဝင် အထောက်အထားများမပါဘဲ သတ္တုတွင်း တူးဖော်နေသူအဖြစ် သံသယရှိခံထားရသည်။
မည်သို့ပင်ဆိုစေ ထိုတရုတ်နိုင်ငံသားသည် အာမခံဖြင့် ပြန်လည် လွတ်မြောက်ခဲ့ပြီး သူသည် ဒေသခံ ကုမ္ပဏီတစ်ခု နှင့် သတ္တုတွင်းတူးဖော်မှု စာချုပ်ကို သက်သေတင်ပြခဲ့သည်။
တရုတ်သတ္တုတူးဖော်နေကြစဉ်
ထိုအမှုသည် ဂီလ်ဂျစ်-ဘယ်လ်တစ္စတန် ဒေသတွင် တရားမဝင် သတ္တုတွင်းတူးဖော် လုပ်ကိုင်ခွင့်များအတွက် အကျင့်ပျက် ခြစားမှုများရှိနေသည့် အထောက်အထား တစ်ခုဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
လက်တွေ့တွင်လည်း ဂီလ်ဂျစ်-ဘယ်လ်တစ္စတန် ဒေသရှိ သတ္တုကြွယ်ဝသည့် နေရာဒေသများ၏ ၃ ပုံ ၂ ပုံကျော်ကို ပြင်ပကုမ္ပဏီများအား အငှားချပေးခဲ့ပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်သည်။
ဂီလ်ဂျစ်-ဘယ်လ်တစ္စတန်ဒေသတွင် လုပ်ငန်းများ လုပ်ကိုင်နေကြသူများနှင့် ပတ်သက်သည့် အထောက်အထား များ၊ အချက်အလက်များမရှိခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ အုပ်ချုပ်ရေးစနစ် အားနည်းခြင်းတို့ ရှိနေသည်။
ရလဒ်အနေဖြင့် ထိုဒေသတွင် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု အားနည်းခြင်း၊ စွမ်းအင်၊ ခရီးသွားကဏ္ဍ နှင့် သတ္တုတွင်းကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်မှု အနည်းငယ်သာ ရှိခြင်းတို့နှင့် ကြုံတွေ့ခဲ့ရသည်။
ထို့ပြင် တရုတ်နိုင်ငံသားများသည် ဒေသခံ ကန်ထရိုက်တာများနှင့်အတူ ဂီလ်ဂျစ်-ဘယ်လ်တစ္စတန်ဒေသရှိ မြစ်ကြမ်းပြင်များမှ တွင်းထွက်သတ္တုများကို အများအပြား ထုတ်ယူနေသည့် အထောက်အထားများလည်း ရှိခဲ့သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။
Source: ဟောင်ကောင်ပို့စ်
![](/images/fyugjj.jpg#joomlaImage://local-images/fyugjj.jpg)
- By CNI
- Category: စီးပွားရေး
- Hits: 248
CNI International News
နယူးဒေလီ၊ မတ်လ ၁၅
အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ထိပ်သီး စီးပွားရေးအင်အားကြီး ၃ နိုင်ငံ စာရင်းတွင် ပါဝင်လာရန် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေသည်ဟု အိန္ဒိယသမ္မတ ဒရူပါဒီ မူရာမူ (Droupadi Murmu) က မတ်လ ၁၂ ရက်က ပြောကြားခဲ့ ကြောင်း mid day သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
မူရာမူသည် မော်ရေးရှပ်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ပို့လူးဝစ် (Port Louis) မြို့ရှိ မဟတ္တမ ဂန္ဓီ အင်စတီကျူ (Mahatma Gandhi Institute) တွင် အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပြီး ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် နှစ်နိုင်ငံကြား သမိုင်းဝင် ဆက်ဆံရေးများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထား ပြောဆိုခဲ့သည်။
ထိုခရီးစဉ်အတွင်း မူရာမူက နယ်ပယ်ကဏ္ဍ အားလုံးတွင် အိန္ဒိယ၏ အောင်မြင်မှုများကို ကြေညာခဲ့ပြီး အိန္ဒိယ၏ အရှိန်အဟုန်နှင့် တိုးတက်မှု အလားအလာတို့ကို အလေးထား ဖော်ပြခဲ့သည်။
အိန္ဒိယ၏ နောက်ထပ် နိုင်ငံအမည်ဖြစ်သည့် ဘာရက် နိုင်ငံတော်အသစ် (New Bharat) သည် ကမ္ဘာ့ထိပ်သီး စီးပွားရေး အင်အားကြီး ထိပ်ဆုံး ၃ နိုင်ငံစာရင်းတွင် ပါဝင်ရန် နီးစပ်နေပြီဖြစ်ကြောင်းနှင့် နယ်ပယ်ကဏ္ဍ ပေါင်းစုံတွင် သိသာထင်ရှားသည့် တိုးတက်မှုများကို အလေးထားပြောဆိုခဲ့သည်။
အိန္ဒိယသမ္မတ ဒရူပါဒီ မူရာမူကို တွေ့ရစဉ်
“ဘာရက် နိုင်ငံတော်အသစ်ဟာ ကဏ္ဍအားလုံးမှာ တိုးတက်မှုတွေ ရရှိနေပါတယ်။ အရှိန်အဟုန်၊ တိုးတက်မှု၊ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရှိနဲ့ ကြေညာမှုတွေနဲ့အတူ ကမ္ဘာ့ထိပ်သီး စီးပွားရေးအင်အားကြီး ၃ နိုင်ငံစာရင်းမှာ ပါဝင်ဖို့ လမ်းကြောင်းပေါ်မှာ ခိုင်မာစွာ ရှိနေပါပြီ” ဟု သမ္မတ မူရာမာက ပြောကြားခဲ့သည်။
အိန္ဒိယ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့်ပတ်သက်ပြီး ထပ်မံပြောကြားရာတွင် မူရာမာက လက်ရှိ အနေအထား သည် မော်ရေးရှပ် လူငယ်များအတွက် အခွင့်အလမ်းသစ်များနှင့် နေရာအသစ်များကို ပွင့်လမ်းစေခဲ့ပြီး အလုပ် သမား မှတ်ပုံတင်ကဒ်များကို သက်တမ်းတိုးပေးမည့်အကြောင်း၊ အိန္ဒိယသည် မော်ရေးရှပ်နိုင်ငံဘက်မှ အမြဲတမ်း ရပ်တည်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျမတို့ရဲ့ ဆက်ဆံရေးတွေဟာ ပူးပေါင်းဆောင်ရွက်မှု ရှုထောင့်အားလုံးမှာ အဓိပ္ပာယ်ပြည့်ဝစွာ လွှမ်းခြုံထား ပါတယ်။ ကျမတို့ရဲ့ ဆယ်စုနှစ်များစွာကြာ တိုးတက်ခဲ့တဲ့ မိတ်ဖက်ဆက်ဆံရေးဟာ မော်ရေးရှပ်နိုင်ငံအပေါ် ထားရှိတဲ့ အိန္ဒိယရဲ့ ကတိကဝတ်ရဲ့ဥပမာတစ်ခုလို့ ပြောလို့ရပါတယ်” ဟု မူရာမာက ပြောကြားခဲ့သည်။
ထို့ပြင် မတ်လ ၁၂ ရက်သည် မဟတ္တမဂန္ဓီ ဦးဆောင်သည့် ဒန်ဒီ ချီတက်မှု (Dandi March) ခရီးစဉ် စတင်သည့် နေ့ဖြစ်ပြီး မော်ရေးရှပ်နိုင်ငံ၏ လွတ်လပ်ရေးနေ့လည်းဖြစ်သဖြင့် ထိုနေ့သည် အန္ဒိယနှင့် မော်ရေးရှပ် နှစ်နိုင်ငံစလုံး အတွက် အရေးကြီးသည့် နေ့ဖြစ်သည်ဟုလည်း မူရာမာက မော်ရေးရှပ်သို့ သွားရောက်သည့် နိုင်ငံတော်ခရီးစဉ် အတွင်း ပြောကြားခဲ့သည်။
Source: mid day
![](/images/fhjgfjhgjfjhgj.jpg#joomlaImage://local-images/fhjgfjhgjfjhgj.jpg)
- By CNI
- Category: စီးပွားရေး
- Hits: 182
CNI International News
ဘေကျင်း၊ မတ်လ ၁၃
တရုတ်နိုင်ငံတွင် မိမိသဘောဆန္ဒမပါဘဲ အတင်းအကျပ် စေခိုင်းခံရသည့် လုပ်သားများက ထုတ်လုပ်ခဲ့သည့် ထုတ်ကုန်များကို တားမြစ်ထားသည့် စည်းမျဉ်းအသစ်တစ်ခုကို ပြဋ္ဌာန်းရန် ဥရောပသမဂ္ဂ (EU) လွှတ်တော် အမတ်များက သဘောတူခဲ့သည်ဟု ဟောင်ကောင်ပို့စ်မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် တရုတ်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ သံတမန်ဆက်ဆံရေးတွင် အခက်တွေ့သည့် အခြေအနေနှင့် ကြုံတွေ့လာရသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
တရုတ်သည် ရှင်ကျန်း (Xinjiang) ဒေသတွင် အတင်းအဓမ္မ လုပ်သားစေခိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဝေဖန်မှုများကို ကာလကြာရှည်ရင်ဆိုင်ခဲ့ရသော်လည်း ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အရေးယူ လုပ်ဆောင်သည့် ဥပဒေများ ပြဋ္ဌာန်းထားခြင်း မရှိသေးပေ။
ကုန်ထုတ်လုပ်ငန်းတစ်ခုကို တွေ့ရစဉ်
ဘေကျင်းမြို့တော်တွင် ပြုလုပ်သည့် ၁၄ ကြိမ်မြောက် အမျိုးသားညီလာခံတွင်မူ ရှင်ကျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသမှ ကိုယ်စားလှယ်များကမူ ရှင်ကျန်းဒေသ၏ ဝါဂွမ်းလုပ်ငန်းတွင် အဓမ္မလုပ်သားများ စေခိုင်းနေသည် ဆိုသည့် စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
ရှင်ကျန်းဒေသ၏ လန်တိုင်ကောင်တီ (Lunttai County)မှ ဆာယီမိုင်လီ (Sayimaili) ကျေးရွာ၏ ပါတီအကြီးအကဲ အက်ခ်ရမ် မီမက်မင် (Akrem Memetmin) ကမူ ဝါဂွမ်းများ စိုက်ပျိုးရန်အတွက် အတင်းအကျပ် ဖိအားပေးရန် မလိုကြောင်း အဘယ်ကြောင့်ဆိုသော် ဝါပင်များ စိုက်ပျိုးမှုအတွက် ဝင်ငွေများကောင်းမွန်စွာ ရရှိသည်ကို ဒေသခံ များက သိရှိထားခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဥရောပနိုင်ငံများကမူ တရုတ်၏ ပြောကြားချက်များကို လျစ်လျူရှုပြီး ရှင်ကျန်းဒေသတွင် အဓမ္မ လုပ်သားစေခိုင်းမှုများ ရှိနေသည်ဟု စွပ်စွဲခဲ့ကြသည်။
EU ခေါင်းဆောင်ကို တွေ့ရစဉ်
မည်သို့ပင်ဆိုစေ တရားရေးအရ ဥပဒေမူကြမ်း ရေးဆွဲမည်ဆိုပါက ထိုဒေသမှ ထုတ်ကုန်များကို စုံစမ်းစစ်ဆေးရန် လိုအပ်မည်ဖြစ်ပြီး ထိုထုတ်ကုန်များကို ဥရောပက တင်သွင်းဝယ်ယူမှု သို့မဟုတ် ဥရောပ၌ ထိုထုတ်ကုန်များဖြင့် ပစ္စည်းများ ထုတ်လုပ်မှုတွင် အဓမ္မလုပ်သားများ ခိုင်းစေခံခဲ့ရခြင်း ရှိ/မရှိ ခွဲခြားသတ်မှတ်ရမည် ဖြစ်သည်။
ထိုအကြောင်းအရာသည် ဥရောပပါလီမန်နှင့် EU အဖွဲ့ဝင် နိုင်ငံများအားလုံးကို ကိုယ်စားပြုဆောင်ရွက်ပေးနေ သည့် ဘယ်လ်ဂျီယံအစိုးရ၏ ဆွေးနွေးညှိနှိုင်းသူများအကြား အဓိကဆွေးနွေးရမည့် သဘောတူညီမှုတစ်ခု ဖြစ်သည်။
“ဒီကိစ္စကို အပြီးသတ် ဖြေရှင်းပြီး ဥပဒေတစ်ရပ် ထုတ်ဖော်နိုင်ဖို့အတွက် နိုင်ငံရေးအရရော ဥပဒေပြုရေးဆိုင်ရာ ခိုင်မာတဲ့ စိတ်ဆန္ဒကို ပြသဖို့ လိုအပ်ပါတယ်” ဟု နယ်သာလန်လွှတ်တော်အမတ် ဆာမီရာ ရာဖယ်လာ (Samira Rafaela) က ပြောကြားခဲ့သည်။
Source: ဟောင်ကောင်ပို့စ်
![](/images/hgjfghjgjh.jpg#joomlaImage://local-images/hgjfghjgjh.jpg)
- By CNI
- Category: စီးပွားရေး
- Hits: 230
CNI International News
တိုကျို၊ မတ်လ ၁
ဂျပန်တွင် ယန်းငွေကြေး တန်ဖိုးများ ကျဆင်းခဲ့ပြီးနောက် ငွေလဲနှုန်းများ လျင်မြန်စွာ ပြောင်းလဲနေမှုကို ဖြေရှင်း ရန် သင့်လျော်သည့် အစီအစဉ်များ လုပ်ဆောင်ဖို့ အဆင်သင့်ရှိနေကြောင်း ဂျပန်၏ ထိပ်သီးငွေကြေးသံတမန် တစ်ဦးက ပြောကြားခဲ့ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။
ဂျပန်၏ နိုင်ငံတကာရေးရာ ဒုတိယဘဏ္ဍာရေးဝန်ကြီး မာဆာတိုကန်ဒါ (Masato Kanda)၏ ထိုပြောကြား ချက်သည် အိမ်ထောင်စုများနှင့် လက်လီရောင်းချသူများကို ထိခိုက်နစ်နာစေသည့် ဂျပန်ယန်းငွေတန်ဖိုး ဆက်လက် ကျဆင်းနေမှုကို ဟန့်တားမည့် အစိုးရအဖွဲ့၏ သဘောထားကို ထင်ဟပ်စေခဲ့သည်။
“မကြာသေးခင်က ငွေကြေး အခြေအနေတွေအပေါ် ကျနော် မှတ်ချက်မပေးပါဘူး။ ဒါပေမယ့် အခြေခံကျပြီး တည်ငြိမ်မှုရှိတဲ့ ငွေလဲနှုန်းတွေ ဖြစ်စေချင်ပါတယ်”ဟု ကန်ဒါက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လို (Sao Paulo) မြို့၌ ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီးနိုင်ငံ-၂၀ (G-20) ၏ ဘဏ္ဍာရေး ခေါင်းဆောင်များ အစည်းအဝေးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ဂျပန်၏ နိုင်ငံတကာရေးရာ ဒုဘဏ္ဍာရေးဝန်ကြီး မာဆာတိုကန်ဒါကို တွေ့ရစဉ်
“ကျနော်တို့ဟာ ငွေကြေး အခြေအနေတွေကို သေချာစောင့်ကြည့်နေပြီး သင့်တော်သလို တုန့်ပြန်ဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ” ဟု ၎င်းက ပြောသည်။
ဒေါ်လာနှင့် ယန်း ငွေလဲနှုန်း ကွာဟမှု၊ ငွေတိုက်စာချုပ်များ၏ အကျိုးဖြစ်ထွန်းမှု ကွာဟချက်များကြောင့် ယခုနှစ် အတွင်း ယန်းငွေတန်ဖိုးသည် အဆိုးရွားဆုံး အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။
ယခုနှစ်အတွင်း ယန်းငွေတန်ဖိုးသည် ၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး တစ်ဒေါ်လာလျှင် ယန်း ၁၅၀ အထိ ရှိခဲ့သည်။
ထိုပမာဏသည် တစ်ဒေါ်လာလျှင် ၁၅၂ ယန်းရှိခဲ့သည့် ၁၉၉၀ ပြည့်နှစ်များနောက်ပိုင်း အဆိုးရွားဆုံး ကျဆင်းမှု ဖြစ်ခဲ့သည်။
ဂျပန်ဘဏ္ဍာရေးဝန်ကြီး ရှူနီချီ ဆူဇူကီး (Shunichi Suzuki) ကိုယ်စား G-20 အစည်းအဝေးကို တက်ရောက် ခဲ့သည့် ကန်ဒါက မူဝါဒချမှတ် သူများအနေဖြင့် ငွေလဲနှုန်းများ အပါအဝင် ဘဏ္ဍာရေး စျေးကွက်များတွင် ဖြစ်ပေါ်လာနိုင်ခြေရှိသည့် အန္တရာယ်များကို အလေးအနက်ထားပြီး စဉ်းစားဆင်ခြင်ကြရန်လည်း တိုက်တွန်း ခဲ့သည်။
Source: Japan Times
![](/images/gjfghjgjf.jpg#joomlaImage://local-images/gjfghjgjf.jpg)
- By CNI
- Category: စီးပွားရေး
- Hits: 216
CNI International News
နယူးဒေလီ၊ မတ်လ ၁
အိန္ဒိယ၏ Reliance Industries ကုမ္ပဏီနှင့် အမေရိကန်၏ Walt Disney ကုမ္ပဏီတို့ပူးပေါင်းပြီး ဒေါ်လာ ၈ ဒသမ ၅ ဘီလျံ တန်ဖိုးရှိသည့် မီဒီယာနှင့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို ထူထောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
Reliance နှင့် Disney တို့သည် ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်သည့် အိန္ဒိယတွင် ပြိုင်ဘက် ဖျော်ဖြေရေးကုမ္ပဏီများ ထက် ကြိုတင်လက်ဦးမှုရယူပြီး အိန္ဒိယ၏ ဖျော်ဖြေရေးစျေးကွက်၌ ကြီးမားသည့် လုပ်ငန်းတစ်ခုကို ထူထောင်ခဲ့ ခြင်းဖြစ်သည်။
ထိုပူးတွဲကုမ္ပဏီကို အာရှ၏ အချမ်းသာဆုံး အမျိုးသားဖြစ်သည့် မူကက်ရှ် အမ်ဘာနီ (Mukesh Ambani) က ဦးဆောင်သည့် Reliance ကုမ္ပဏီမှ ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ ထည့်ဝင်မည်ဖြစ်ပြီး Reliance နှင့် ဆက်စပ် လုပ်ငန်းစုများက ထိုပူးတွဲကုမ္ပဏီ၏ ရှယ်ယာ ၆၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်သည်။
ခရစ်ကတ်ပွဲကို ရုပ်သံလိုင်းက လွှင့်နေစဉ်
Disney ကုမ္ပဏီကမူ ရှယ်ယာ ၃၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်လိမ့်မည်ဟု ဖေဖော်ဝါရီ ၂၈ ရက်က ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
Disney ကုမ္ပဏီအတွက် ၎င်း၏ အိန္ဒိယရုပ်ရှင်များ ထုတ်လွှင့်သည့် streaming ပလက်ဖောင်းမှ ကြည့်ရှုသူ အများအပြား လျော့နည်းသွားမှုကို ပြန်လည်မြှင့်တင်ရန်နှင့် အိန္ဒိယခရစ်ကတ် မူပိုင်ခွင့် ပေးချေမှုများအတွက် ဒေါ်လာ ဘီလျံချီ ကုန်ကျမှုကြောင့် ဘဏ္ဍာရေးအခက်အခဲကို ဖြေရှင်းရန် ကာလကြာရှည်ရုန်းကန်ခဲ့ရပြီးနောက် Reliance ကုမ္ပဏီနှင့် လက်တွဲခဲ့ခြင်းဖြစ်သည်။
ထိုပူးတွဲကုမ္ပဏီ၏ ရင်းနှီးငွေ ထည့်ဝင်အပြီး စျေးကွက်တန်ဖိုးသည် ဒေါ်လာ ၈ ဒသမ ၅ ဘီလျံရှိသည်ဟု Reliance နှင့် Disney တို့က ကြေညာခဲ့သော်လည်း စျေးကွက်တန်ဖိုးကို မည်ကဲ့သို့ တွက်ချက် ထုတ်ပြန်ခဲ့သည်ဆိုခြင်းကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။
သူဌေးကြီး အမ်ဘာနီကို တွေ့ရစဉ်
Reliance နှင့် Disney ပူးပေါင်း လုပ်ငန်းစုအနေဖြင့် ရုပ်သံလိုင်းပေါင်း ၁၂၀ နှင့် streaming ပလက်ဖောင်း ၂ ခု ရှိလာမည်ဖြစ်ပြီး အမ်ဘာနီ အနေနှင့်လည်း ဒေါ်လာ ၂၈ ဘီလျံ တန်ဖိုးရှိသည့် အိန္ဒိယ၏ မီဒီယာနှင့် ဖျော်ဖြေရေး နယ်ပယ်တွင် ပြိုင်ဘက်ကင်း လုပ်ငန်းရှင်တစ်ဦး ဖြစ်လာစေမည်ဖြစ်သည်။
မကြာသေးမီက ဂျပန်၏ Sony ကုမ္ပဏီနှင့် အိန္ဒိယ၏ Zee ကုမ္ပဏီတို့က ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ ပူးတွဲ ဖျော်ဖြေရေးကုမ္ပဏီ ထူထောင်မည့် အစီအစဉ်ကို ဖျက်သိမ်းကြောင်း ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် Reliance နှင့် Disney တို့က ပူးတွဲကုမ္ပဏီထူထောင်သည့် ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထို့ကြောင့် Reliance နှင့် Disney တို့၏ ပူးတွဲကုမ္ပဏီသည် သီးခြားစီ ရပ်တည်နေသည့် Sony ၊ Zee တို့ကဲ့သို့ ပြိုင်ဘက်ကုမ္ပဏီများ Amazon နှင့် Netflix တို့ကဲ့သို့ streaming ပလက်ဖောင်း စျေးကွက်ယှဉ်ပြိုင်မှုများကို နှာတစ်ဖျားအသာနှင့် ဦးဆောင်နိုင်တော့မည်ဖြစ်သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: စီးပွားရေး
- Hits: 186
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄
မျိုးဆက်သစ် လူငယ်များအကြား ရေပန်းစားသည့် Vice Media ကုမ္ပဏီက ၎င်း၏ ဝက်ဘ်ဆိုက်တွင် သတင်း အကြောင်းအရာသစ်များကို တင်ဆက်နေမှုကို ရပ်နားတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သဖြင့် မီဒီယာလောက အတွက် နောက်ထပ် ထိုးနှက်ချက် တစ်ခုဖြစ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
Vice Media ကုမ္ပဏီသည် မေလအတွင်းက ဒေဝါလီခံကြောင်း တင်သွင်းခဲ့ပြီး နယူးယောက်အခြေစိုက် Fortress Investment Group ကို ဒေါ်လာ သန်း ၃၅၀ နှင့် ရောင်းချခဲ့သည်။
Vice Media သည် ဝန်ထမ်းအင်အားများကို လျှော့ချခြင်း၊ ၎င်း၏ လူကြိုက်များသည့် Vice News Tonight ပရိုဂရမ်ကို ရပ်နားခြင်းဖြင့် အသုံးစရိတ်များလျှော့ချကာ လည်ပတ်ခဲ့သော်လည်း ဝင်ငွေနှင့် ထွက်ငွေ မကာမိခဲ့ သဖြင့် ဒစ်ဂျစ်တယ်ခေတ်တွင် သတင်းမီဒီယာများ ရုန်းကန်နေရသည့် အခြေအနေကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။
Vice သည် Vice.com ဝက်ဆိုက်တွင် အကြောင်းအရာများ တင်ဆက်မှုကို ရပ်နားမည်ဖြစ်ပြီး အခြား မီဒီယာ ကုမ္ပဏီများနှင့် တွဲဖက်ပြီး ဆက်လက် လုပ်ဆောင်သွားမည်ဟု Vice Media Group ၏ စီအီးအို ဘရုစ် ဒစ်ဆင် (Bruce Dixon) က ပြောကြားခဲ့သည်။
“အခုလို မဟာဗျူဟာမြောက် အပြောင်းအလဲ ပြုလုပ်ရတာဟာ ကျနော်တို့ရဲ့ လုပ်ငန်းစဉ် အားလုံးနဲ့ အရင်းအမြစ် တွေကို ပြန်လည်ချိန်ညှိဖို့ လိုအပ်လို့ဖြစ်ပါတယ်။ ကုမ္ပဏီကို စတူဒီယို မော်ဒယ်တစ်ခုလို အသွင်ပြောင်းလဲသွားမှာ ပါ”ဟု ဒစ်ဆင်က ပြောကြားခဲ့သည်။
ထိုအပြောင်းအလဲကြောင့် မိမိတို့၏ ဝန်ထမ်းအင်အားကို လျှော့ချရမည်ဖြစ်ပြီး ရာနှင့်ချီသည့် ဝန်ထမ်းများ အလုပ်ပြုတ်လိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။
အသုံးစရိတ်များ လျှော့ချဖြတ်တောက်မှု၏ နောက်ထပ် အသေးစိတ် အချက်အလက်များကို လာမည့် သီတင်းပတ် အတွင်း ထုတ်ပြန်ကြေညာသွားမည်ဟု သိရသည်။
ဇန်နဝါရီလကလည်း လူငယ်ရေးရာများကို အလေးထားဖော်ပြသည့် Pitchfork Media က ၎င်း၏ ဝက်ဘ်ဆိုက်ကို GQ Magazine လက်အောက်သို့ ပူးပေါင်းဝင်ရောက် မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Source: အယ်လ်ဂျာဇီးယား