- By CNI
- Category: စီးပွားရေး
- Hits: 470
CNI International News
အစ္စလာမ်မာဘက်၊ ဇွန်လ ၁၅
ပါကစ္စတန်နိုင်ငံတွင် ငွေကြေးဖောင်းပွမှု အကျပ်အတည်းသည် ပါကစ္စတန်ပြည်သူများ၏ နေ့စဉ် စားဝတ်နေရေး အခြေအနေအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်ဟု Khaama သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့ သည်။
၂၀၂၃-၂၄ ခုနှစ် ပါကစ္စတန်၏ စီးပွားရေး အနေအထားကို လေ့လာမှုများအရ ငွေကြေးဖောင်းပွမှု မြင့်တက်နေခြင်း သည် နိုင်ငံ့လူဦးရေအပေါ် သက်ရောက်မှုရှိနေသည့် အခြေအနေအား တွေ့ရှိခဲ့ရပြီး စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု များကို ချက်ချင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း ဖော်ပြခဲ့သည်။
မကြာသေးမီက အချက်အလက်များတွင် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ငွေကြေးဖောင်းပွမှုနှုန်းသည် သိသာစွာ မြင့်တက်လာခဲ့ပြီး ငွေကြေးဖောင်းပွသည် ဝင်ငွေဖွံ့ဖြိုးတိုးတက်မှုအား ကျော်လွန်လျက်ရှိကာ လက်လုပ်လက်စား ပါကစ္စတန်ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းကို လျော့ကျစေခဲ့သည်ဟု တွေ့ရသည်။
မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ပေးရသည့် ကုန်ကျစရိတ်များသည် မြင့်တက်ခဲ့ သဖြင့် မိသားစု အများအပြားအပေါ် ငွေကြေးဖိအားများ ကျရောက်စေခဲ့သည်။
ပါကစ္စတန်ပြည်သူများကို တွေ့ရစဉ်
ပျမ်းမျှ ပါကစ္စတန်ပြည်သူများအတွက် ငွေကြေးဖောင်းပွမှုသည် နေ့စဉ်နှင့်အမျှ ရှင်သန်နေထိုင်ရသည့် ဘဝအပေါ် သက်ရောက်မှုများ ရှိခဲ့သည်။
အစားအစာ၊ လောင်စာနှင့် မရှိမဖြစ် အခြေခံကုန်စည်များ၏ ဈေးနှုန်းများ မြင့်တက်မှုကြောင့် အိမ်ထောင်စုများ သည် နေ့စဉ်အသုံးစရိတ်ကို စီမံခန့်ခွဲရန် ပိုမိုခက်ခဲလာခဲ့သည်။
၂၀၂၃ ခုနှစ်က ပါကစ္စတန်တွင် ဓာတ်ဆီဆေးနှုန်းများည် တစ်လီတာကို ပါကစ္စတန်ရူပီး ၁၅၃ ရူပီးသာ ရှိခဲ့သော် လည်း ၂၀၂၄ ခုနှစ်တွင် ၁၆၅ ရူပီးအထိ မြင့်တက်လာခဲ့သဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် စီးပွားရေး လုပ်ငန်းများ အတွက် သယ်ယူပို့ဆောင်ရေး စရိတ်များကို မြင့်တက်စေခဲ့သည်။
ပါကစ္စတန်ပြည်သူ အများစုအတွက် အဓိကစားသောက်ကုန်ဖြစ်သည့် ပေါင်မုန့်ဈေးနှုန်းများသည်လည်း မြင့်တက်ခဲ့သည်။
ပါကစ္စတန်ပြည်သူများ စားဝတ်နေရေး ကျပ်တည်းနေစဉ်
၂၀၂၃ ခုနှစ်က ပေါင်မုန့်တစ်တောင့်ကို ၅၀ ရူပီးမှ ၇၀ ရူပီးရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ၈၀ ရူပီးမှ ၁၀၀ ရူပီးအထိ မြင့်တက်ခဲ့သည်။
အာဏာပိုင်များက ကုန်ဈေးနှုန်းများကို ထိန်းညှိပေးမှုများ ရှိခဲ့သည့်တိုင် အနိမ့်ဆုံးလုပ်ခလစာသည် ၂၀၁၃ ခုနှစ်က တစ်လကို ရူပီး ၁၇,၅၀၀ မှ ရူပီး ၂၁,၀၀၀ သာရှိခဲ့သဖြင့် စားဝတ်နေရေးအတွက် လောက်ငှခြင်းမရှိခဲ့ပေ။
ထို့ပြင် နောက်ထပ်အဓိက စားသောက်ကုန်ဖြစ်သည့် ဆန်ဈေးနှုန်းများသည်လည်း ၂၀၂၃ ခုနှစ်က တစ်ကီလိုလျှင် ရူပီး ၁၀၀ မှ ရူပီး ၁၂၀ ရှိခဲ့သော်လည်း၂၀၂၄ ခုနှစ်တွင် ရူပီး ၁၃၀ မှ ၁၅၀ အထိ မြင့်တက်ခဲ့သည်။
Source: Khaama
- By CNI
- Category: စီးပွားရေး
- Hits: 2311
CNI International News
ဘန်ကောက် ဇွန်လ ၁၄
ထိုင်းနိုင်ငံတွင် “khao niao mamuang” ဟု လူသိများသည့် သရက်သီး အုန်းနို့ဆမ်း ထမင်းသည် ကမ္ဘာတစ်ဝန်းရှိ အစားအစာနှင့် အဖျော်ယမကာများကို အဆင့်သတ်မှတ်သည့် TasteAtlas အွန်လိုင်း ပလက်ဖောင်းတွင် သရက်သီး ပါဝင်သည့် ဟင်းပွဲ ၂၆ ပွဲအနက် ဒုတိယအကောင်းဆုံး ဟင်းပွဲအဖြစ် သတ်မှတ်ခံခဲ့ရသည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ဆန်ပူတင်း အမျိုးအစားထဲတွင် ထည့်သွင်း သတ်မှတ်ခံရသည့် ထိုဟင်းပွဲသည် ထိုင်းနိုင်ငံ၏ ရိုးရာအချိုပွဲတစ်ခု ဖြစ်ပြီး ထိုဟင်းပွဲတွင် ထမင်း၊ အုံးနို့နှင့် သရက်သီးမှည့်တို့ဖြင့် ပြုလုပ်ထားသည်။
စားသုံးပုံမှာ ပူပူနွေးနွေး ချက်ပြုတ်ထားသည့် ထမင်းပေါ်ကို အုန်းနို့အရည်လောင်းချပြီး သရက်သီးမှည့်ကို အစိတ်လိုက်လှီးကာ အပေါ်မှတင်ပြီး သုံးဆောင်ရခြင်းဖြစ်သည်။
ထိုဟင်းပွဲကို ထိုင်းနိုင်ငံ၏ စားသောက်ဆိုင်တိုင်းတွင် တွေ့ရပြီး အလွန်နာမည်ကြီးသည့် အချိုပွဲ အမျိုးအစား ဖြစ်သည်။
ထိပ်ဆုံးနေရာတွင် ရှိနေသည့် သရက်သီး ပါဝင်သော ဟင်းပွဲများထဲတွင် အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ် (Maharashtra)မှ “aamras”အမည်ရှိ ဟင်းပွဲဖြစ်ပြီး တတိယနေရာတွင် ဖိလစ်ပိုင်နိုင်ငံ၏ သရက်သီးရေခဲမုန့် ဖြစ်သည်။
ထိုင်းနိုင်ငံရဲ့ “khao niao mamuang” သရက်သီးအချိုပွဲကိုတွေ့ရစဉ်
ထို့နောက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ်မှ သရက်သီး ပါဝင်သည့် အသီးအရွက်သုတ်၊ အိန္ဒိယနိုင်ငံမှ သရက်သီးချတ်တနီတို့က အစဉ်လိုက် ရပ်တည်နေသည်။
ထိုစာရင်းတွင် ပါဝင်သည့် အခြား ထိုင်းဟင်းလျာများ စာရင်းတွင် သရက်သီးစိမ်းကို ငံပြာရည်ဖြင့် တွဲဖက် စားသုံးရသည့် သရေစာ၊ သရက်သီးစိမ်းသုတ်များလည်း ပါဝင်ခဲ့သည်။
ဧပြီလ အတွင်းကမှ TasteAtlas ဝက်ဘ်ဆိုဒ်သည် ထိုင်းနိုင်ငံတောင်ပိုင်း၏ ရိုးရာ အစားအစာဖြစ်သည့် kaeng tai pla ဟင်းပွဲကို ကမ္ဘာ့အဆိုးရွားဆုံး ဟင်းပွဲအဖြစ် သတ်မှတ်ခဲ့သည်။
ထိုဟင်းပွဲသည် အရည်ခပ်ပျစ်ပျစ်နှင့် ချက်ပြုတ်သည့် ငါးဟင်းလျာဖြစ်ပြီး အချဉ်ဖောက်ထားသည့် ငါးကလီစာ များကို ငရုတ်သီးမှုန့်၊ ပဒဲကော၊ ငါးပိ၊ နနွင်း၊ ကြက်သွန်ဥနီ အသေးနှင့် စပါးလင်တို့ဖြင့် ချက်ပြုတ်ထားသည့် ဟင်းပွဲဖြစ်သည်။
Source: Thai PBS World
- By CNI
- Category: စီးပွားရေး
- Hits: 2133
CNI International News
ဂျီနီဗာ၊ ဇွန်လ ၁၄
မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု အခြေအနေသည် လွန်ခဲ့သည့် ၆ နှစ်ကထက် ပိုမိုပျံ့နှံ့လာခဲ့ပြီး ဆင်းရဲမွဲတေမှု ပိုမိုမြင့်တက်လာကြောင်း ကမ္ဘာ့ဘဏ်က ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။
ပဋိပက္ခများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၁ ရာခိုင်နှုန်းခန့်သာ ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။
အကြမ်းဖက်မှုများ မြင့်တက်နေမှု၊ လုပ်သားအင်အား ပြတ်လပ်မှု၊ ငွေတန်ဖိုးကျဆင်းမှုတို့ကြောင့် စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရန် ခက်ခဲလာသည်ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်တွင် လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ၂ ရာခိုင်နှုန်းခန့် ရှိနိုင်သည်ဟု ခန့်မှန်းခဲ့သော်လည်း ယခုနှစ် မတ်လက အဆုံးသတ်ခဲ့ သည့် ဂျီဒီပီဖွံ့ဖြိုးတိုးတက်မှုကို ၁ ရာခိုင်နှုန်းအဖြစ် ခန့်မှန်းခဲ့သည်။
လက်နက်ကိုင်တစ်ဦးကို တွေ့ရစဉ်
“ငွေကြေးဖောင်းပွမှု၊ လုပ်သားအင်အား ရှားပါးမှု၊ နိုင်ငံခြားငွေကြေး ပြတ်လပ်မှုနဲ့ လျှပ်စစ်ဓာတ်အား ပြတ်လပ်မှု တွေကြောင့် ၂၀၂၄-၂၅ အတွက် ဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းချက်ကို လျှော့ချခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ အခြေအနေ တွေအားလုံးဟာ အရင်က ခန့်မှန်းထားခဲ့တဲ့ စီးပွားရေးလှုပ်ရှားမှုတွေအပေါ် ကြီးကြီးမားမား သက်ရောက်နိုင်ခြေ ရှိပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို မြန်မာ့တပ်မတော်က တုန့်ပြန်ခဲ့ခြင်းမရှိပေ။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၊ အခြားလက်နက်ကိုင် အဖွဲ့သစ်များနှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် လူပေါင်း ၃ သန်းကျော် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဆင်းရဲမွဲတေမှု နှုန်းသည် ၃၁.၁ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။
“ဆင်းရဲမွဲတေမှုရဲ့ ဆိုးရွားမှုနဲ့ ဆင်းရဲတွင်း နက်ရှိုင်းမှုတို့ဟာ ၂၀၂၃-၂၄ ခုနှစ်တွေမှာ ပိုမိုဆိုးရွားလာပါတယ်။ အဓိပ္ပာယ်ကတော့ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု အခြေအနေဟာ လွန်ခဲ့တဲ့ ၆ နှစ်ကထက်ပိုပြီး ခိုင်ခိုင်မာမာ အမြစ်တွယ်လာခဲ့ပါတယ်”ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။
သတင်းစာ ရောင်းချသူ ၂ ဦးကိုတွေ့ရစဉ်
ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် စစ်မှုထမ်းဥပဒေကြောင့် ပြည်ပသို့ ထွက်ခွာသူ အရေအတွက် ပိုမိုများပြားလာခြင်းသည် ပြည်တွင်း စက်မှုလုပ်ငန်းများအတွက် လုပ်သားအင်အား ပြတ်လပ်မှုကို ဖြစ်စေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် တပ်မတော်သည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် တရုတ်နှင့် ထိုင်းနယ်စပ်ရှိ အဓိကနယ်မြေ အချို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရသဖြင့် ထိုဒေသများတွင် ကုန်သွယ်ရေးများ သိသာစွာ လျော့ကျခဲ့သည်။
“သဘာဝဓာတ်ငွေ့ ပို့ဆောင်မှုတွေကလွဲပြီး တစ်ခြားပို့ကုန်တွေကို နယ်စပ်က တင်ပို့မှုတွေဟာ ၄၄ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။ နယ်စပ်ကတစ်ဆင့် သွင်းတဲ့သွင်းကုန်တွေကလည်း ထက်ဝက်လောက် လျော့ကျခဲ့ပြီး သွင်းကုန် စုစုပေါင်းရဲ့ ၇၁ ရာခိုင်နှုန်းလောက် လျော့ကျခဲ့ပါတယ်”ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ မတ်လမတိုင်မီ ခြောက်လအတွင်း ကုန်စည်ပို့ကုန်များ ၁၃ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး သွင်းကုန်များ သည် ၂၀ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ကာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: စီးပွားရေး
- Hits: 3296
CNI International News
ဘေကျင်း၊ ဇွန်လ ၁၄
အမေရိကန်သည် တရုတ်နိုင်ငံအတွင်းရှိ ဝီဂါ (Uygur) မွတ်ဆလင်များနှင့် ဆက်နွှယ်မှုရှိသည့် တရုတ်ကုမ္ပဏီများ ထံမှ တင်ပို့ရောင်းချသော သွင်းကုန်များကို ပိတ်ပင်သည့်စာရင်းကို ဇွန်လ ၁၁ ရက်တွင် အွန်လိုင်းမှ ထုတ်ပြန်ခဲ့ သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
နောက်ဆုံး ပစ်မှတ်ထားသည့် ပိတ်ပင်မှုစာရင်းတွင် ဖိနပ်များထုတ်လုပ်သည့် Dongguan Oasis Shoes ကုမ္ပဏီ၊ အလူမီနီယံထုတ်လုပ်သည့် Xinjiang Shenhuo Coal and Electricity ကုမ္ပဏီ၊ Rizhao Meijia Group ကုမ္ပဏီဟု လူသိများသည့် အစားအစာများ ပြုပြင်ထုတ်လုပ်သော Shandong Meijia Group ကုမ္ပဏီတို့ ပါဝင်ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာန(DHS)က ထုတ်ပြန်ခဲ့သည်။
ထိုပိတ်ပင်မှုများမှတစ်ဆင့် DHS သည် ရှင်ကျန်း (Xinjiang) ဒေသ၏ အဓိကစီးပွားရေး လုပ်ငန်းများဖြစ်သည့် ပင်လယ်စာများ၊ အလူမီနီယံများနှင့် ဖိနပ်များ တင်သွင်းမှုကို အာရုံစိုက် စောင့်ကြည့်သွားမည်ဖြစ်သည်။
ထို့ပြင် အမေရိကန် စျေးကွက်များတွင် အဓမ္မလုပ်သား စေခိုင်းမှုများနှင့် ဆက်နွှယ်သည့် ထုတ်ကုန်များ မရှိစေရန် လည်း လုပ်ဆောင်သွားမည်ဟု သီးခြား ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြခဲ့သည်။
ဝီဂါလူမျိုးတွေကို စောင့်ကြည့်နေတဲ့ တရုတ်လုံခြုံရေးတစ်ဦးကိုတွေ့ရစဉ်
တရုတ်၏အနောက်ပိုင်း ရှင်ကျန်းဒေသတွင် လူနည်းစုများအား ဖိနှိပ်မှုများရှိနေသည်ဟု အမေရိကန်က ပြောကြား ထားသော ဖြစ်စဉ်များနှင့်ဆက်နွှယ်သည့် ကုမ္ပဏီအချို့ကို ဝီဂါအဓမ္မလုပ်သားစေခိုင်းမှု ကာကွယ်ရေးအက်ဥပဒေ စာရင်း၌ ထည့်သွင်းပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
တရုတ်အာဏာပိုင်များသည် ရှင်ကျန်းဒေသရှိ ဝီဂါမွတ်ဆလင်များနှင့် အခြားလူနည်းစု မွတ်ဆလင်များအတွက် ချွေးတပ်စခန်းများ တည်ဆောက်ခဲ့ကြောင်း အမေရိကန်အရာရှိများက ပြောကြားခဲ့သော်လည်း တရုတ်ကမူ အဓမ္မ လုပ်သားစေခိုင်းမှုများမရှိကြောင်း ငြင်းဆိုခဲ့သည်။
အမေရိကန်၏ လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ လျူပန်းယုက မှတ်ချက်ပေးခဲ့ရာ တွင် ရှင်ကျန်းဒေသ၌ အဓမ္မလုပ်သား စေခိုင်းမှုများရှိသည့် စွဲချက်များသည် ဟုတ်မှန်ခြင်းမရှိကြောင်း၊ ထိုစွပ်စွဲ ချက်များသည် တရုတ်ကို ဆန့်ကျင်သည့် အင်အားစုများ၏ ဝါဒဖြန့်မှုများသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝီဂါအဓမ္မလုပ်သားစေခိုင်းမှု ကာကွယ်ရေးအက်ဥပဒေနှင့်ပတ်သက်ပြီး လျူက မှတ်ချက်ပေးရာတွင် ထိုဥပဒေသည် ရှင်ကျန်းဒေသ၌ နေထိုင်သူများ၏ လူ့အခွင့်ရေးကို ဆိုးရွားစွာ ထိပါးစေရုံသာမကဘဲ ကမ္ဘာလုံးဆိုင်ရာစက်မှု လုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပြီး နိုင်ငံတကာ ကုန်သွယ်ရေးစည်းကမ်းများ ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: SCMP
- By CNI
- Category: စီးပွားရေး
- Hits: 3888
CNI International News
ဘေကျင်း၊ ဇွန်လ ၁၂
ဥရောပသမဂ္ဂက တရုတ်နိုင်ငံလုပ် လျှပ်စစ်ကားများအပေါ် အခွန်များကောက်ခံရန် ပြင်ဆင်နေသဖြင့် Volvo Car AB ကုမ္ပဏီသည် လျှပ်စစ်ကား ထုတ်လုပ်မှုများကို တရုတ်နိုင်ငံမှ ဘယ်လ်ဂျီယံနိုင်ငံသို့ စတင်ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။
Volvo ၏ EX30 နှင့် EX90 လျှပ်စစ်ကား မော်ဒယ်များထုတ်လုပ်မှုကို ဘယ်လ်ဂျီယံတွင် ပြောင်းလဲထုတ်လုပ် နေမှုနှင့်အတူ အခြား ကားမော်ဒယ်များကိုလည်း ဗြိတိန်၌ ပြောင်းလဲထုတ်လုပ်ဖွယ်ရှိသည်ဟု အမည်မဖော် လိုသည့် သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။
တရုတ်၏ Zhejiang Geely Holding Group ကုမ္ပဏီက ပိုင်ဆိုင်သည့် Volvo ကုမ္ပဏီသည် အနောက်နိုင်ငံများ တွင် အခွန်အများဆုံး ကောက်ခံရနိုင်ခြေရှိသော ကားကုမ္ပဏီတစ်ခုအဖြစ် ရှုမြင်ခံထားရသည်ဟု Times မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
တရုတ်အစိုးရ၏ မျှတမှုမရှိသည့် ထောက်ပံ့မှုများဖြင့် ဥရောပဈေးကွက်များတွင် တရုတ်လုပ် ကားများနှင့် အခြားကုန်စည်များ စုပြုံဝင်ရောက်လာမည့် အရေးနှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂနှင့် တရုတ်အကြား ကုန်သွယ်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုများ ဖြစ်ပွားနေသည်။
ဥရောပသမဂ္ဂသည် ဇူလိုင် ၄ ရက်မှစတင်ပြီး တရုတ်လျှပ်စစ်ကားများအပေါ် စည်းကြပ်ကောက်ခံသည့် အခွန်နှုန်းအား လက်ရှိ ၁၀ ရာခိုင်နှုန်းထက် ပိုမိုကောက်ခံသွားမည့် အကြောင်းကို ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံမှ လျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီများသို့ အကြောင်းကြားဖွယ်ရှိနေသည်။
Volvo ကား စက်ရုံကို တွေ့ရစဉ်
Volvo ကားကုမ္ပဏီကမူ Times မဂ္ဂဇင်း၏ ဖော်ပြချက်ကို ငြင်းဆိုခဲ့ပြီး နောက်ထပ် ဖြစ်လာနိုင်ခြေရှိသည့် အစီအစဉ်များနှင့်ပတ်သက်၍ ထင်ကြေးပေးရန် အချိန်စော လွန်းနေသေးကြောင်း ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံတွင် EX30 မော်ဒယ်များကို ထုတ်လုပ်မည့် ဆုံးဖြတ်ချက်သည် မိမိတို့ ထုတ်လုပ်ထားသည့် ကားများကို ဘယ်လ်ဂျီယံတွင် အမြန်ဆုံးရောင်းချလိုသော ရည်ရွယ်ချက်အား ပြသရာရောက်ကြောင်း Volvo ကားကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂသည် တရုတ်ကုမ္ပဏီများကို ဖိနှိပ်ရန် လုပ်ဆောင်နေပြီး တရုတ်၏ အကျိုးစီးပွားအား ကာကွယ်ရန် အရေးယူ လုပ်ဆောင်သွားမည်ဟု တရုတ်အစိုးရက ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂအနေဖြင့် ပြည်တွင်းဈေးကွက်ကို ပြည်ပ၏ ယှဉ်ပြိုင်မှုမှ ကာကွယ်ထားသည့် ဝါဒအား စွန့်လွှတ်ရန် နှင့် ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းပေါ်သို့ ပြန်လာရန် တရုတ်ကုန်သွယ်ရေးဝန်ကြီး ဝမ်ဝင်တောင် (Wang Wentao) က ဇွန်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
Source: Bloomberg
- By CNI
- Category: စီးပွားရေး
- Hits: 2819
CNI International News
ဟနွိုင်း၊ ဇွန်လ ၇
ဗီယက်နမ်နိုင်ငံ၏ အိမ်ခြံမြေစီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်သည့် ထရွန်မိုင်လန် (Truong My Lan) သည် ဗီယက်နမ်၏ အကြီးဆုံး ငွေကြေးလိမ်လည်မှု အရှုပ်တော်ပုံတစ်ခုဖြစ်သည့် ဒေါ်လာ ၄ ဒသမ ၅ ဘီလျံတန်ကြေးရှိ ငွေကြေးများကို ပြည်တွင်းနှင့် ပြည်ပသို့ တရားမဝင် လွှဲပြောင်းမှုကြောင့် သေဒဏ်ချမှတ်ခံခဲ့ရသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အဆိုပါ ငွေကြေးလွှဲပြောင်းမှုများနှင့် ငွေမည်းခဝါချမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုသည် အပြီးသတ်သွားပြီဖြစ် ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၆ ရက် ညပိုင်းတွင် ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
လန်သည် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကို ပြည်ပသို့ တရားမဝင် လွှဲပြောင်းခဲ့ပြီး ဒေါ်လာ ၃ ဘီလျံကို နိုင်ငံအတွင်း တရားမဝင် လွှဲပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သော်လည်း မည်သည့်နိုင်ငံများသို့ လွှဲပြောင်းခဲ့သည်ဆိုခြင်းနှင့် မည်သူများက လက်ခံခဲ့သည်ဆိုခြင်းကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ဗီယက်နမ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ဧပြီလ အတွင်းကလည်း တရားရုံးတစ်ရုံးက လန်ကို ဆိုင်ဂုံပူးတွဲစတော့စီးပွားရေးဘဏ်(SCB) မှ ဒေါ်လာ ၁၂ ဘီလျံ ကျော် လျှို့ဝှက်ထုတ်ယူမှုတွင် ပါဝင်မှုဖြင့် သေဒဏ်ချမှတ်ခဲ့သည်။
ဘဏ်များတွင် ရှယ်ယာပမာဏပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး စည်းကမ်းများ တင်းကျပ်ထားသည့်တိုင် ထိုအမှု၌ လန်သည် ဒါဇင်နှင့်ချီသည့် ကြားခံကိုယ်စားလှယ်များကို အသုံးချပြီး ထိန်းချုပ်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
ဇွန်လ ၆ ရက်က အမှုနှင့်ပတ်သက်ပြီး SCB နှင့် လန်၏ တရားရေး ကိုယ်စားလှယ်များက မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။
လန်သည် SCB နှင့် တရားမဝင် အာမခံစာချုပ်များမှ ရရှိသည့် ငွေများ အပါအဝင် ဒေါ်လာ ၂၃ ဒသမ ၆ ဘီလျံကို ငွေမည်းခဝါချမှုနှင့်လည်း စွပ်စွဲခံထားရသည်ဟု Thanh Nien သတင်းစာက ဖော်ပြခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 953
CNI International News
ရှန်ဟိုင်း၊ ဇွန်လ ၆
တရုတ်နိုင်ငံ၊ ဟီနန် (Henan) ပြည်နယ်ရှိ ကျေးလက်ဒေသ ဘဏ်အချို့တွင် ငွေကြေးလိမ်လည်မှု အရှုပ်တော်ပုံ အတွင်း ငွေကြေးများ ဆုံးရှုံးခဲ့ရသူများသည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုသို့ ဖမ်းဆီးခံရသူများအနက် အူယန်ယွမ် (Ou Yangyun) အမည်ရှိ အမျိုးသားတစ်ဦးလည်း ပါဝင်ခဲ့သည်။
သူသည် ဖေဖော်ဝါရီလက ကျန်းကျိုး (Zhengzhou) မြို့ရှိ ဘဏ်တစ်ခုတွင် ဖွင့်ထားသည့် ၎င်း၏ ဘဏ်အကောင့် ထဲမှ ဒေါ်လာ သောင်းနှင့်ချီသော အပ်ငွေများကို ပြန်ထုတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသည်ဟု ၎င်း၏ မိသားစုက ပြောသည်။
အသက် ၃၉ နှစ်အရွယ် အသေးစားစီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် အူသည် တရုတ်၏ အကြီးဆုံး ဘဏ်လုပ်ငန်း အရှုပ်တော်ပုံတွင် နစ်နာခဲ့ရသော ဒါဇင်နှင့်ချီသော လူများထဲ၌ တစ်ဦးအပါအဝင် ဖြစ်သည်။
၎င်းတို့သည် ဟီနန်ပြည်နယ်၏ ကျန်းကျိုးမြို့တော် ရထားဘူတာရုံ အပြင်ဘက်တွင် စုရုံးဆန္ဒပြခဲ့ကြသည်။
“ဟီနန်ဘဏ်တွေ ကျုပ်တို့ရဲ့ စုငွေတွေကို ပြန်ထုတ်ပေးပါ” ဟု ၎င်းတို့အဖွဲ့က အော်ဟစ်တောင်းဆိုနေသည့် ဗွီဒီယိုမှတ်တမ်းကို ရိုက်တာသတင်းဌာနက ရရှိခဲ့သည်။
ထို့နောက် ဆန္ဒပြသူများကို အမည်မသိ အမျိုးသားအချို့က လာရောက်တွေ့ဆုံခဲ့ပြီး ဘတ်စ်ကားပေါ်သို့ တက်ခိုင်း ကာ ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်ဟု ထိုဖြစ်စဉ်နှင့် တိုက်ရိုက် ပတ်သက်မှုရှိသည့် အမည်မဖော်လိုသူ ၂ ဦးက ပြော ကြားခဲ့သည်။
တရုတ်ဘဏ်ရှေ့ ဆန္ဒပြနေကြစဉ်
ရဲစခန်းသို့ ပို့ဆောင်ခံရသူများအနက် အများစုသည် ရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်ခဲ့သော်လည်း အူနှင့် အခြားသူနှစ်ဦးသည် ကျန်းကျိုးရဲစခန်းတွင် ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်ဟု အမည်မဖော်လိုသူ ၂ ဦးက ပြော သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျန်းကျိုး စည်ပင်သာယာ ပြည်သူ့လုံခြုံရေးဗျူရို၊ ဟီနန်ပြည်နယ် ပြည်သူ့လုံခြုံရေး ဌာနနှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့က ဖမ်းဆီးခံထားရသူများ၏ အခြေအနေနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုန့်ပြန်ခဲ့ခြင်းမရှိပေ။
အဆိုပါ အရှုပ်တော်ပုံသည် လွန်ခဲ့သည့် ၂ နှစ်ခန့်က စတင်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၆၀၀,၀၀၀ ခန့်သည် ဟီနန် ပြည်နယ်ရှိ ဘဏ် ၄ ခုတွင် စုဆောင်းထားသည့် ၎င်းတို့၏ စုငွေ ဒေါ်လာ ၄ ဒသမ ၂ ဘီလျံခန့် ဆုံးရှုံးခဲ့ရသဖြင့် ကျေးလက်ဒေသ ဘဏ်များ၏ တည်ငြိမ်မှုနှင့်ပတ်သက်ပြီး လေ့လာစောင့်ကြည်သူများအကြား စိုးရိမ်စိတ်များ မြင့်တက်စေခဲ့သည်။
ဟီနန်ကျေးလက်ဒေသ ဘဏ် ၄ ခုကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုန့်ပြန့်ခြင်း မရှိပေ။
ထိုအရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီးနောက် ဘဏ်များက ၎င်းတို့ထံတွင် ငွေကြေးအပ်နှံသူများကို ပုံမှန်လုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိပါက အသေးစိတ် အချက်အလက်များ တင်သွင်းရန် အွန်လိုင်းမှ အကြုံပြုချက် ထုတ်ပြန်ခဲ့သည်။
တရုတ်၏ ဘဏ်လုပ်ငန်းဆိုင်ရာ အာဏာပိုင်အဖွဲ့ဖြစ်သည့် အမျိုးသားဘဏ္ဍာရေး စည်းကမ်းထိန်းသိမ်းမှု အုပ်ချုပ် ရေးအဖွဲ့ကလည်း ထိုအရှုပ်တော်ပုံ အကြောင်းနှင့်ပတ်သက်သည့် ရိုက်တာသတင်းဌာန၏ မေးခွန်းများကို ဖြေကြားခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှု အခြေအနေများကိုလည်း ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ
- By CNI
- Category: စီးပွားရေး
- Hits: 980
CNI International News
ဘန်ကောက်၊ ဇွန်လ ၅
ထိုင်းအစိုးရအဖွဲ့သည် ခရီးသွားနည်းပါးသည့် ရာသီတွင် ပြည်တွင်းခရီးသွားကဏ္ဍကို မြှင့်တင်ရန်အတွက် အခွန် အစီအစဉ်များကို ဇွန်လ ၄ ရက်က အတည်ပြုခဲ့သည်ဟု လက်ထောက်ဘဏ္ဍာရေးဝန်ကြီး ပေါင်ပွမ် ရိုဂျနာဆကူလ် (PaoPoom Rojanasakul) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
မေလမှ နိုဝင်ဘာလအထိ အကျုံးဝင်သက်ရောက်မည့် ထိုအစီအစဉ်များထဲတွင် ကွန်ဗင်းရှင်းများနှင့် နှီးနှောဖလှယ် ပွဲများပြုလုပ်သည့် ကုမ္ပဏီများအား ဝင်ငွေခွန်များ လျှော့ချမှုလည်း ပါဝင်သည်ဟု ပေါင်ပွမ်က ပြောသည်။
အခြားအစီအစဉ်များမှာ အလတ်စားမြို့များနှင့် အသေးစား မြို့ငယ်များသို့ ပြည်တွင်းခရီးသွားကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ထားပြီး နေအိမ်များတွင် တည်းခိုနေထိုင်သူများ၊ ဟိုတယ် မဟုတ်သည့် နေရာထိုင်ခင်းများတွင် ငှားရမ်း နေထိုင်သူများအတွက် ဝန်ငွေခွန်ကောက်ခံမှု လျှော့ချမည့် အစီအစဉ်များလည်း ပါဝင်သည်။
ထိုင်းနိုင်ငံအတွင်းကို တွေ့ရစဉ်
ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ကမူ ထိုအစီအစဉ်များကြောင့် အစိုးရသည် ဝင်ငွေ ဘတ် ၁ ဒသမ ၅ ဘီလျံခန့် ကုန်ကျရမည်ဖြစ်သော်လည်း ပြန်ရမည့်အမြတ်မှာ ပိုမိုများပြားလိမ့်မည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း ထိုင်းခရီးသွားလာရေးနှင့် အားကစားဝန်ကြီး ဆမ်ဆက်ခ် ပွန်ပါနစ်ချ် (Sermsak Pongpanich) က ထိုင်းသည် အခြေခံ အဆောက်အအုံနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် အားနည်းချက်များ ရှိနေဆဲဖြစ်ပြီး အစိုးရအဖွဲ့သည့် ခရီးသွားကဏ္ဍကို မြင့်တင်မည်ဟု ကတိပြုထားသည့်တိုင် ခရီးသွားများ၏ လိုအပ် ချက်များကို ဖြည့်ဆည်း မပေးနိုင်သေးကြောင်း ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 1439
CNI International News
ဘေကျင်း၊ ဇွန်လ ၅
ဥရောပသမဂ္ဂ (EU)သည် တရုတ်ကုမ္ပဏီများကို ဖိနှိပ်ရန် လုပ်ဆောင်နေကြောင်း တရုတ်က စွပ်စွဲခဲ့ပြီး မိမိတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန် အရေးယူလုပ်ဆောင်သွားမည်ဟု တရုတ်က ပြောကြားခဲ့ကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။
EU သည် တရုတ်လုပ် လျှပ်စစ်ကားများအပေါ် အခွန်ကောက်ခံမှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် တရုတ်၏ သတိပေးချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
တရုတ်အနေဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးတွင် သဘောထား ကွဲလွဲမှုများကို ဆွေးနွေးညှိနှိုင်းမှုဖြင့် အဖြေရှာရန် ဆန္ဒရှိကြောင်းနှင့် တင်းမာမှုများ ထိန်းမနိုင် သိမ်းမရဖြစ်စေမည့် အခြေအနေအား ရှောင်လွှဲလိုကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီး ဝမ်ဝင်တောင် (Wang Wentao) က စပိန်နိုင်ငံ၌ တရုတ်စီးပွားရေး ကုမ္ပဏီများနှင့် ပြုလုပ် သည့် အစည်းအဝေးမှာ ပြောကြားခဲ့သည်။
ပြင်သစ်၊ ဂျာမနီနှင့် EU ခေါင်းဆောင်များကလည်း ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားမည် အရေးကို ရှောင်လွှဲလိုသည့် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်ဟု ဝမ်က ပြောကြားခဲ့သည်။
တရုတ် ကုန်သွယ်ရေးဝန်ကြီး ဝမ်ဝင်တောင်ကို တွေ့ရစဉ်
"EU အနေနဲ့ တရုတ်ကုမ္ပဏီတွေကို ဆက်ပြီးဖိနှိပ်နေဦးမယ်ဆိုရင် တရုတ်ကလည်း တရုတ်ကုမ္ပဏီတွေရဲ့ တရားဝင်မှုရှိတဲ့ အကျိုးစီးပွားတွေကို မြဲမြံစွာကာကွယ်ဖို့ လိုအပ်တဲ့ အစီအစဉ်တွေ အားလုံးကို လုပ်ဆောင် သွားမှာပါ" ဟု ဝမ်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
EU သည် တရုတ်အစိုးရ၏ ထောက်ပံ့မှုများဖြင့် တရုတ်ကုန်စည်များ ဥရောပဈေးကွက်အတွင်း စုပြုံဝင်ရောက် လာမည့်အရေးကို တားဆီးရန်အတွက် တရုတ်၏ပို့ကုန်များအပေါ် တားမြစ်ကန့်သတ်မှုများ လုပ်ဆောင်ခဲ့သည်။
EU အနေနှင့် တရုတ်လျှပ်စစ်ကားများအပေါ် စည်းကြပ်ခွန်များ ကောက်ခံမည်ဆိုပါက တရုတ်၏ လျှပ်စစ်ကားများ တင်ပို့ရောင်းချသည့် ကုမ္ပဏီများကို အကြောင်းကြားရမည်ဖြစ်ပြီး အခွန်တိုးမြှင့် ကောက်ခံမှုများသည် ဇွန်လ အစောပိုင်းတွင် စတင်ဖွယ်ရှိကာ ဇူလိုင်လထဲ၌ စတင်အကျုံးဝင် သက်ရောက်ဖွယ်ရှိသည်။
တရုတ်နိုင်ငံကလည်း ဥရောပ၏ ဘရန်ဒီအရက်များ ဈေးကွက်ထဲ စုပြုံဝင်ရောက်လာမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဥရောပလုပ်ကားများနှင့် ဝက်သားတင်ပို့မှုများကို တားမြစ်ကန့်သတ်မှုများ ပြုလုပ်ခြင်းဖြင့် တုန့်ပြန်သွားမည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
EU အနေဖြင့် ပြည်တွင်းလုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုမှ ကာကွယ်ပေးထားသည့် ဝါဒကို စွန့်လွှတ်ရန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ကြိုးပမ်းသင့်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
Source: Bloomberg
- By CNI
- Category: စီးပွားရေး
- Hits: 1501
CNI International News
နယူးဒေလီ၊ ဇွန်လ ၄
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi)က မကြာသေးမီက ပြီးဆုံးသွားသည့် ရွေးကောက်ပွဲတွင် တတိယသက်တမ်းကို အနိုင်ရခဲ့မည်ဆိုလျှင် လွယ်ကူချောမွေ့မှုရှိသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် စီစဉ်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုပြုပြင်ပြောင်းလဲမှု အစီအစဉ်များတွင် လုပ်သားအင်အားများကို ငှားရမ်းမှု၊ အလုပ်ထုတ်ပယ်မှုများ၌ ပိုမိုလွယ်ကူ အဆင်ပြေစေမည့် စည်းမျဉ်းစည်းကမ်းများလည်း ပါဝင်သည်ဟု အိန္ဒိယအစိုးရအရာရှိနှစ်ဦးက ပြောကြားခဲ့သည်။
အိန္ဒိယကို ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှု ရပ်ဝန်းအဖြစ် ပြုပြင်ပြောင်းလဲမည့် ရွေးကောက်ပွဲ ကတိကဝတ်များ ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် မိုဒီသည် ပြည်တွင်းထုတ်လုပ်ရေး ကဏ္ဍအတွက် အစိုးရ၏ ထောက်ပံ့မှုများကို ကမ်းလှမ်းရန် ဆန္ဒရှိခဲ့သည်ဟု အမည်မဖော်လိုသော အိန္ဒိယအစိုးရအရာရှိနှစ်ဦးက ပြောသည်။
ထို့ပြင် မိုဒီသည် ပြည်တွင်းလုပ် ကုန်ပစ္စည်းများအတွက် လိုအပ်သည့် သွင်းကုန်များအပေါ် အခွန်ကောက်ခံမှုကို လည်း လျှော့ချရန် စီစဉ်ထားသဖြင့် အိန္ဒိယ၏ ကုန်ထုတ်လုပ်ရေး ကုန်ကျစရိတ်များအား လျော့ကျစေလိမ့်မည်ဟု အဆိုပါအရာရှိများက ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မေးမြန်းသည့် မေးခွန်းများကို မိုဒီ၏ ဝန်ကြီးချုပ်ရုံး၊ အလုပ်သမားရေးရာဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ဖြေကြားခဲ့ခြင်းမရှိပေ။
အလုပ်ရုံတစ်ခုကို တွေ့ရစဉ်
မကြာသေမီးက ပြုလုပ်ခဲ့သည့် လူထုသဘောဆန္ဒ ကောက်ယူမှု စစ်တမ်းများတွင် မိုဒီ၏ ဟိန္ဒူအမျိုးသားရေး BJP ပါတီသည် ဇွန်လ ၄ ရက်တွင် ရလဒ်များ ကြေညာမည့် ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရလိမ့်မည်ဟု ဖော်ပြထားသည်။
မိုဒီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံလှုပ်ရှားခဲ့ပြီး တရုတ် နှင့်ယှဉ်ပြိုင်ကာ ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီများကို အိန္ဒိယဈေးကွက်အတွင်းသို့ ဆွဲခေါ်ရန် ကြိုးပမ်းခဲ့သည်။
အိန္ဒိယသည် ကမ္ဘာ့အလျင်မြန်ဆုံး တိုးတက်လာသည့် စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်သော်လည်း နည်းပညာ ကဏ္ဍသည် ဖွံ့ဖြိုးစ အခြေအနေဖြစ်ပြီး လူတိုင်းအတွက် လုံလောက်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး မပေးနိုင်သေးကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အိန္ဒိယရုံးခွဲ အကြီးအကဲဟောင်း ဂျို့ရှ် ဖဲလ်မန်း (Josh Felman) က ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရသည် ၂၀၃၀ ပြည့်နှစ်တွင် အိန္ဒိယ၏ ကုန်ထုတ်လုပ်မှု ပမာဏကို ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှု စုစုပေါင်း၏ ၅ ရာခိုင်နှုန်း၊ ၂၀၄၇ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် စီစဉ်ထားကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
Source: ရိုက်တာ